ရန်ကုန် ၂၇ နိုဝင်ဘာ
အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့သော ဘတ်စကက်ဘော ပြိုင်ပွဲများအတွက် လှူဒါန်းခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ SkyStar Hotel တွင် ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်နာယက အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်နီနီက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ် နာယက အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်နီနီထံသို့ အလှူရှင်များက လှူဒါန်းငွေများပေးအပ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးသည်။
မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်သို့ SkyNet ရုပ်သံမှ ငွေကျပ် ၃၉၇၁၂၀၄၀ လှူဒါန်းငွေ အပါအဝင် အလှူရှင်များမှ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၆၈၁၁၁၉၉၀ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်