mdn

ရန်ကုန် ၁၉ အောက်တိုဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အောက်တိုဘာ(၂၂)ရက်မှ နိုဝင်ဘာ(၂၉)ရက်အထိ ကျင်းပမည့် အသက်(၁၆)နှစ် အောက်ခရစ် ကက်ပြိုင်ပွဲ၊ အောက်တိုဘာ(၂၄)ရက်မှ နိုဝင်ဘာ(၄)ရက်အထိ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံတွင် ကျင်းပမည့် (၄)ကြိမ်မြောက် အာဆီယံဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲနှင့် အောက်တိုဘာ(၂၅)ရက်မှ (၂၇)ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကျင်းပမည့် တရုတ်-အာဆီယံဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် ခရစ်ကက်၊ စစ်တုရင်၊ လက်ဝှေ့အားကစား အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုပြီး သက်ဆိုင်ရာအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများကပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အားကစားသမားများအနေဖြင့် ပြိုင်ဘက်၏အားသာချက်၊ အားနည်းချက်ကို အမြဲလေ့လာပြီး ပိုမိုကောင်းမွန်သော ရလဒ်ဖြင့်  ယှဉ်ပြိုင်စေလိုကြောင်း၊  အားကစားသမားများ၏  ကျန်းမာရေးသည် အရေးကြီးပြီး  ရာသီဥတုပြောင်းလဲမှု ရှိသောကြောင့် အစားအသောက် အနေအထိုင် အထူးဂရုပြုစေလိုပါကြောင်း၊ မိမိတို့၏တစ်နေတာ လေ့ကျင့်မှုနှင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရာတွင် ကြုံတွေခဲ့ရသည့် အကြောင်းအရာများနှင့် ဒေသန္တရဗဟုသုတများရရှိစေရန် နေ့စဉ် မှတ်တမ်းတင်ထားရှိပြီး မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ရန်လိုအပ်ပါကြောင်း၊ မိမိနိုင်ငံဂုဏ်သိက္ခာ ထိခိုက်စေမည့် ပုံရိပ်မျိုးမပြုလုပ်ကြစေလိုကြောင်း အားပေးစကားပြောကြားပြီး ဒုတိယဝန်ကြီးက သွားရောက်ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အသင်းအုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားများကို နှုတ်ဆက်အားပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းရှိ စက်ဘီးလေ့ကျင့်ရေးပြိုင်ကွင်းသို့ ရောက်ရှိရာ BMX Pump & Jump Track စက်ဘီးအားကစားပြိုင်ကွင်း တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn