နေပြည်တော်  ၂၁  အောက်တိုဘာ

 

 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အထောက်အကူပြုရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ရေးအက(Physical Fitness Dance) သင်တန်း အမှတ်စဉ်(၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိအားကစားရုံ(B)၌ကျင်းပသည်။

 

 

သင်တန်းဖွင့်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယခုသင်တန်းသည် ဝန်ထမ်းမိသားစုများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သည့် အလေ့အကျင့်များ ရရှိရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်နေကြသော ပညာရေးဝန်ကြီးဌာနမှ ကာယဆရာ/ဆရာမများ၊ ပြင်ပတွင် ကိုယ်လက်လှုပ်ရှားမှုများကို တက်တက်ကြွကြွဦးဆောင် ဆောင်ရွက်နေသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှအား ကစားမှူးများနှင့် နည်းစနစ် မှူးများအနေဖြင့် မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိသော အချိန်တွင် ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများကို ကိုယ်လက်လှုပ်ရှားမှုများအား ပါဝင်လှုပ်ရှား ဆောင်ရွက်လာအောင် စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြများ၏ သရုပ်ပြသမှုကို ကြည့်ရှုအားပေးကြသည်။

 

 

အဆိုပါ သင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ ဆရာ/ဆရာမများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသားများ စုစုပေါင်း ၂၅၈ ဦးက နိုဝင်ဘာ ၁ ရက်အထိ တက်ရောက်ကြမည်ဖြစ်သည်။

 

 

(သတင်းစဉ်)