နေပြည်တော်  ၂၃   စက်တင်ဘာ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့သို့  သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေနှင့် အမှတ် (၂) ဓာတ်အားပေးစက်၏ Main Transformer ပြန်လည်ပြုပြင် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်း များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ စက်ရုံဝန်ထမ်းမိသားစုများအတွက် စားသောက် ဖွယ်ရာများ ပေးအပ်ကာ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေယူအဆောက်အအုံ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

a

 

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့အရှေ့ဘက် ၂၆ မိုင်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ  ၇၀ မဂ္ဂါဝပ် ထွက်ရှိသော ဖရန်စစ်တာဘိုင် အမျိုး အစားစက် (၂) လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား  ၁၄၀ မဂ္ဂါဝပ်ထွက်ရှိကာ တစ်နှစ် ထုတ်လုပ်နိုင်မှုမှာ ၄၅၄ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ပြီး ၂၀ဝ၅ ခုနှစ်တွင် စတင်တည် ဆောက်၍ ၂၀၁၅ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိ လာသော ဓာတ်အား များကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် နန်ချိုဓာတ်အားပေး စက်ရုံနှင့် ပေါင်းလောင်း ဓာတ်အားပေးစက်ရုံများမှတစ်ဆင့် ပျဉ်းမနားခွဲရုံသို့ ပို့လွှတ်ကာ နိုင်ငံတော် ဓာတ်အား စနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိရာ  ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် အမှတ်(၂) ဓာတ်အားပေးစက် ၏ Main Transformer မှာ ချို့ယွင်းသွားခဲ့သဖြင့် အမှတ် (၂) ဓာတ်အားပေးစက်အား ရပ်တန့်ထားခဲ့ရသည်။ အဆိုပါချို့ယွင်းမှုဖြစ်ပေါ်ခဲ့သော အမှတ် (၂) ဓာတ်အားပေးစက်၏ Main Transformer အား ပြန်လည်ပြင်ဆင်ပြီး ဓာတ်အား အမြန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလအတွင်း အမှတ် (၂) ဓာတ်အားပေးစက်အား ပြန်လည် မောင်းနှင်၍ လျှပ်စစ်ဓာတ်အားများ အပြည့်အဝ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့ အရှေ့ဘက် ၁၆ မိုင် အကွာရှိ နန်ချိုရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ တာဘိုင်စက်ခန်း အတွင်း ဓာတ်အားမောင်းနှင် ထုတ်လုပ်နေမှုအခြေအနေနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း စက်ရုံမှ နိုင်ငံတော်ဓာတ် အားစနစ်သို့ ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား မှာကြားသည်။

နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည်  နန်ချိုချောင်းပေါ်တွင် တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ ၂၀ မဂ္ဂါဝပ် ထွက်ရှိသော ဖရန်စစ်တာဘိုင် အမျိုးအစားစက် (၂) လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား  ၄၀ မဂ္ဂါဝပ်ထွက်ရှိကာ တစ်နှစ်ထုတ်လုပ် နိုင်မှုမှာ ၁၅၂ ကီလိုဝပ်နာရီသန်းပေါင်းဖြစ်ပြီး ၂၀ဝ၆ ခုနှစ်တွင် စတင်တည်ဆောက်၍ ၂၀၁၃ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ဓာတ်အားပေးစက်ရုံမှထွက်ရှိသော ဓာတ်အားများကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်းများဖြင့် အထက်ပေါင်းလောင်းဓာတ်အားပေးစက်ရုံမှ ပို့လွှတ်သော လျှပ်စစ်ဓာတ်အားများနှင့်အတူ ပေါင်းလောင်းဓာတ်အားပေးစက်ရုံမှတစ်ဆင့် ပျဉ်းမနား ဓာတ်အားခွဲရုံသို့ ပို့လွှတ်ကာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)