ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၁   ဒီဇင်ဘာ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယမန်နေ့ နံနက်ပိုင်းတွင် စဉ့်ကိုင်မြို့နယ်ရှိ မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း Mandalay Operation Center (တောမ)သို့ ရောက်ရှိစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးစဉ် တာဝန်ရှိသူများက ရေနံနှင့်သဘာဝဓာတ်ငွေ့များ လက်ခံပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ရေနံနှင့် သဘာဝဓာတ်ငွေ့များ စဉ်ဆက်မပြတ် ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပိုက်လိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေးသည် အရေးကြီးသဖြင့် ပိုက်လိုင်းနှင့် Compressor များအား လေ့လာစောင့်ကြည့်၍ လိုအပ်သော စစ်ဆေးပြုပြင်မှုများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြရန်၊ စီမံကိန်းတွင် တာဝန်ထမ်း ဆောင်နေသော ဒေသခံမြန်မာဝန်ထမ်းများအား လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ပို့ချ၍ စီမံကိန်းတစ်ခုလုံး ကြပ်မတ် ကွပ်ကဲဆောင်ရွက်နိုင်သူများ ဖြစ်စေရေး လေ့ကျင့်ပျိုးထောင် ပေးစေလိုကြောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝန်ထမ်းများကိုလည်း ပိုက်လိုင်း ထိန်းသိမ်း ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းများကို လက်ခံဖွင့်လှစ်သင်ပေးစေလိုကြောင်း  မှာကြားပြီး Control Station အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်သာမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ Off-Take Station သို့ရောက်ရှိပြီး Off-Take Station Control Room အတွင်း သဘာဝဓာတ်ငွေ့ လက်ခံပို့လွတ် ဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအား မှာကြားသည်။

 

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို Mandalay Off-TakeStation (တောမ) မှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင် ကုဗပေ ၂၈ သန်းခန့် နှင့် တောင်သာ Off-TakeStation မှ သဘာဝဓာတ်ငွေ့ကုဗပေ ၇၂ သန်းခန့် စုစုပေါင်း ကုဗပေ သန်း ၁၀၀ ခန့်အား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ဘဲလင်းသဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်းနှင့် မြင်းခြံ သဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်းတို့မှတစ်ဆင့်ရယူ၍ ပြည်တွင်းရှိ ကျောက်ဆည် မှန်စက်ရုံ၊ ဘဲလင်းမြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မြင်းခြံမြို့ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ သဘာဝဓာတ်ငွေ့များ ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ပျော်ဘွယ်ပိုက်လိုင်း ပြုပြင်ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိပြီး  ပိုက်လိုင်းစခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)