နေပြည်တော် ၁ သြဂုတ် 
    

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ အနောက်တောင်ဘက် (၇)မိုင်ခန့်အကွာ ဖြူးချောင်းပေါ်တွင် တည်ဆောက်ထားသည့် ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၌ ဓာတ်အားပေးစက်များ ပြန်လည်မောင်းနှင်လည်ပတ်ရန် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ဓာတ်အားပေးစက်အား တစ်ဆင့်ချင်း စမ်းသပ်စစ်ဆေးနေပုံများကို ရှင်းလင်းတင်ပြကြသည်။
    

ယင်းနောက် ဒုတိယဝန်ကြီးသည် ဓာတ်အားထိန်းချုပ်ခန်းနှင့် Switchyard အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
    

ထို့နောက် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံနှင့် ရေပိုလွှဲတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အင်ဂျင်နီယာမှူး ဦးခင်မောင်လွင်မှ ဖြူးချောင်းရေလှောင်တမံနှင့် ဆက်စပ်ရေအား အဆောက်အဦးများ၏ လက်ရှိကြံ့ခိုင်မှုနှင့် ထိန်းသိမ်းပြုပြင် ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များအား ဌာနတာဝန်ရှိသူများနှင့်် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
    

ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ဖြူးချောင်းပေါ်တွင် တည်ဆောက်ထားပြီး  (၂၀ မဂ္ဂါဝပ်)ထွက်ရှိသော  ဖရန်စစ်တာဘိုင် အမျိုးအစားစက် (၂)လုံးဖြင့် စုစုပေါင်းတပ်ဆင်အင်အား (၄၀ မဂ္ဂါဝပ်)ရှိကာ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၁၂၀ ကီလိုဝပ်နာရီသန်းပေါင်းဖြစ်သည်။ 
    

ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော ဓာတ်အား များကို ၂၃၀ ကေဗွီ တောင်ငူ - ဖြူးချောင်း - ကွန်းချောင်း - သာယာကုန်း ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် High Voltage မှ မီးလောင်မှုဖြစ်ပွားခဲ့၍ ဓာတ်အားပေးစက် အစိတ်အပိုင်းများ ချို့ယွင်းပျက်စီးခဲ့သည့်အတွက် ဓာတ်အားပေးစက် (၂)လုံးမှာ ဓာတ်အားထုတ်လုပ်နိုင်မှုမရှိဘဲ ရပ်တန့်ထားခဲ့ရသည်။
    
 
အဆိုပါ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သော ဓာတ်အားပေးစက်ပစ္စည်း အစိတ်အပိုင်းများအား ပြန်လည်အစား ထိုးလဲလှယ်နိုင်ရေးနှင့် ဓာတ်အားအမြန်ပြန်လည် ထုတ်လုပ်နိုင်ရေးအတွက် ကျွမ်းကျင်အင်ဂျင်နီယာဝန်ထမ်းများနှင့် လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ဓာတ်အားပေးစက်ပစ္စည်း အစိတ်အပိုင်းများကို ရာခိုင်နှုန်းပြည့် တပ်ဆင်စမ်းသပ်မောင်းနှင်ခဲ့ပြီးဖြစ်၍ မကြာမီရက်ပိုင်းအတွင်း ဓာတ်အားပေးစက်များ ပြန်လည်မောင်းနှင်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်