နေပြည်တော်  ၂၀   ဇန်နဝါရီ 


    
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဇန်နဝါရီ ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး ၊ ရွှေတောင်မြို့ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ပြည်ရေနံမြေနှင့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၏ အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံ(ကျော်စွာ)တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ပြည်ရေနံမြေသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း တည်ရှိပြီး ၁၉၆၅ ခုနှစ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်ခဲ့ရာ ၁၉၉၄ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစိမ်း ၂၅၆၃ စည်နှင့် ၁၉၉၈ ခုနှစ်တွင် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၂၅ ဒသမ ၆၁၈ ကုဗပေသန်းအထိ အများဆုံး ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ထုတ်လုပ်မှုသက်တမ်း ကြာမြင့်ပြီဖြစ်သောကြောင့် ယခုအခါရေနံနှင့် သဘာဝ ဓာတ်ငွေ့တွင်းပေါင်း (၁၅) တွင်းမှ တစ်နေ့လျှင် ရေနံစိမ်းစည် ၁၁၂ စည်နှင့် သဘာဝဓာတ်ငွေ့ ဝ ဒသမ ဝ၇၈၃ ကုဗပေသန်း ထုတ်လုပ်ပေးလျက်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်နှုန်းတိုးတက်စေရေးအတွက် လုပ်ငန်းစီမံချက်များ စနစ်တကျရေးဆွဲအကောင်အထည်ဖော်၍ ကြိုးစားရှာဖွေဖော်ထုတ်လျက်ရှိသည်။

 

a

 


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ရေနံမြေတွင် National 55/6 တွင်းတူးစက်ဖြင့် တွင်းသစ်တူးဖော်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တွင်းတူးလုပ်သားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။


တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိစက်ပစ္စည်းများအား ကြံ့ခိုင်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားကြရန်၊ အနာဂတ်တွင်စက်ရုံအားစီးပွားရေး တွက်ခြေကိုက်သည့် ဓာတ်မြေသြဇာစက်ရုံအဖြစ် ပြောင်းလဲတည်ဆောက်ရန် လျာထားဆောင်ရွက်လျက် ရှိသည့်အတွက် ဝန်ထမ်းများအနေ ဖြင့်ခေတ်နှင့်အညီ ပြောင်းလဲနေသော နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူထားရန်မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံဗဟိုထိန်းချုပ်ရေး စက်ခန်းနှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


အဆိုပါအမှတ် (၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ)သည် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကျော်စွာကျေးရွာအနီး ဧရာဝတီမြစ်အရှေ့ဖက်ကမ်းတွင် တည်ရှိပြီး ၁၉၈၄-၁၉၈၅ ခုနှစ်မှစ၍ ဓာတ်မြေသြဇာများလည်ပတ် ထုတ်လုပ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ရရှိမှု ကန့်သတ်ချက်အရ ရပ်ဆိုင်းထားခဲ့ရပြီး ယခုအခါ ပြည်တွင်းသုံးစွဲမှု တိုးမြင့်လာသော ဓာတ်မြေသြဇာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရွှေကမ်းလွန် စီမံကိန်းမှ သဘာဓာတ်ငွေ့ကို ရယူကာ လက်ရှိစက်ရုံကို ပြန်လည်ပြုပြင်မွမ်းမံ၍ လည်ပတ် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


(သတင်းစဉ်)