နေပြည်တော်  ၆    ဒီဇင်ဘာ  

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ စက်သုံးဆီတိုက်ရိုက် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ခွင့်ပြု ထုတ်ပေးထားသော ပုဂ္ဂလိကပိုင်ရေယာဉ်များအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည်  ပုဂ္ဂလိကပိုင်ရေယာဉ်များအား စက်သုံးဆီဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် လျှောက်ထားလာမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် ၃ စီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂ စီး၊ မကွေးတိုင်းဒေသကြီးတွင် ၁ စီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၀ စီး၊ မွန်ပြည်နယ်တွင် ၃ စီးနှင့် ရခိုင်ပြည်နယ်တွင် ၄ စီး စုစုပေါင်း ပုဂ္ဂလိကပိုင်ရေယာဉ် ၂၃ စီးအား ရေယာဉ်များအား စက်သုံးဆီတိုက်ရိုက် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များအား စိစစ်ခွင့်ပြုထုတ်ပေးထားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း လက်အောက်ရှိ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ (ခ)အဆင့် (မြိတ်)သို့ ရောက်ရှိရာ တိုင်းရောင်းဝယ်ရေးအရာရှိနှင့် ဌာနခွဲတာဝန်ခံတို့က သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှု၊ သိုလှောင်ကန်စာရင်းနှင့် စက်သုံးဆီလက်ကျန်အခြေအနေ၊ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်၊ ရေယာဉ်နှင့် လေဆိပ်များသို့ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ခွင့်ပြုထုတ်ပေးမှု အခြေအနေနှင့် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ပိုင်စက်သုံးဆီ လက်ကျန်များနှင့် ဌာနပိုင်ပစ္စည်းများလေလွင့်ပျက်စီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက် သွားရန်၊ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ အတွင်းမီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အစီအမံများအား ဆောင်ရွက်သွားရန်၊ မြေပေါ်ဆီသိုလှောင်ကန်နှင့် မြေအောက်ဆီသိုလှောင်ကန်များအား ဆက်လက်အသုံးပြုနိုင်ရေး ထိန်းသိမ်းဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး ဆိပ်ခံတံတားနှင့် သိုလှောင်ကန် စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(ခ) အဆင့်(မြိတ်)သည်ယခင်က ရန်ကုန်မြို့၊ သန်လျင်ရေနံချက် စက်ရုံမှ စက်သုံးဆီများအား Tanker များဖြင့်သယ်ဆောင်၍ မြိတ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်နှင့် ဌာနဆိုင်ရာရုံးများသို့ လစဉ်စက်သုံးဆီများအား ဖြန့်ဖြူးပေးခဲ့သည်။  

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် National Energy Puma Aviation Services (NEPAS) ဖက်စပ်ကုမ္ပဏီ၏ မြိတ်လေယာဉ်ဆီသိုလှောင်ဖြန့်ဖြူးရေးဌာနခွဲသို့ ရောက်ရှိရာတာဝန်ခံမှလေယာဉ်ဆီ သိုလှောင်ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

မြိတ်လေယာဉ်ဆီ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲသည် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနှင့် စင်ကာပူနိုင်ငံအခြေစိုက် PumaEnergy Group Pte.Ltdတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် လစဉ်လေယာဉ်ဆီ ၃၈၀ဝ၀ ဂါလန်ခန့်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)