ရန်ကုန် စက်တင်ဘာ ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲတွင် တာဝန်ရှိသူများ၊ သီးနှံကာကွယ်ရေး ပညာရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သီးနှံကာကွယ်ရေးဌာန အနေဖြင့် ခေတ်မီသီးနှံ ကာကွယ်ရေး နည်းစနစ်များကို သုံးစွဲရာတွင် သီးနှံကာကွယ်ရေးဆိုင်ရာ ဓာတုပစ္စည်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်ပေါ်စေရေး၊ စားသုံးသူများနှင့် အသုံးပြုသူများ၏ ကျန်းမာရေးထိခိုက်မှုများ မရှိစေရန် တောင်သူများ တက်ကြွစွာ ပါဝင်သော ဘက်စုံသီးနှံ ကာကွယ်ရေးစနစ်ဖြင့် အခြေခံဆောင်ရွက်ရန်နှင့် တောင်သူလယ်သမားများအား အသိပညာပေးခြင်း နည်းပညာ ဖြန့်ဝေခြင်းကို ထိရောက်စွာ ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ သီးနှံတစ်ခုစီအလိုက် ဘက်စုံသီးနှံကာကွယ်ရေး စနစ်များ တိကျစွာ ဆောင်ရွက်ပေးရန်၊ သီးနှံများ တင်ပို့ခြင်း တင်သွင်း ခြင်းလုပ်ငန်းများကို အပြည်ပြည် ဆိုင်ရာ သီးနှံကာကွယ်ရေး စံချိန် စံညွှန်းများနှင့်အညီ စီမံဆောင်ရွက် ကြရန်၊ အရည်အသွေးပြည့်ဝသော စိုက်ပျိုးရေးသုံး ဓာတုဆေးများ တင်သွင်းဖြန့်ဖြူးခြင်းဖြစ်စေရန် တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အထူးကြပ်မတ် ဆောင်ရွက်ရန်ဖြစ်ကြောင်း။

ဖြည့်စွက်ဆွေးနွေး

စိုက်ပျိုးရေးလုပ်ငန်းတွင် အလွန်အရေးကြီးသော မျိုး၊ မြေ၊ ရေ၊ နည်းပညာလုပ်ငန်းများ စီမံ ဆောင်ရွက်ပေးရာတွင်လည်း မျိုးစေ့ဆိုင်ရာ နည်းပညာ၊ မြေဆီလွှာဆိုင်ရာ နည်းပညာ၊ ရေစီမံခန့်ခွဲမှု နည်းပညာများကိုပါ တစ်ပါတည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မျိုးစေ့ကဏ္ဍတွင်လည်း တောင်သူလယ်သမား ကိုယ်တိုင် အရည်အသွေးပြည့်မီသော မျိုးစေ့များထုတ်လုပ် သုံးစွဲနိုင်ကြစေရန် ဌာနပညာရှင်များက မျိုးစေ့နည်းပညာနှင့် တောင်သူ၏ အခက်အခဲများကို အတူဖြေရှင်းပေးခြင်း၊ လယ်သမားများ နားလည်အောင် လက်တွေ့ နည်းပညာပေးခြင်း မျိုးစေ့ထုတ် သမဝါယမ အသင်းအဖွဲ့များ ဖွဲ့စည်းလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများ၊ သီးနှံကာကွယ်ရေး ပညာရှင်များ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်