နေပြည်တော် ဇွန် ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသုတေသနဌာနစုတွင် ဆောင်ရွက်ထားရှိသော အထွက်ကောင်းစပါးမျိုး ၂ မျိုး၊ ၃ မျိုးနှင့် ၄ မျိုးအထိ မျိုးစပ်မွေးမြူထားသည် သားဆက်လိုင်းများကို လာရောက်အကဲဖြတ်လေ့လာကြသည့် ဒက္ခိဏသီရိမြို့နယ်မှ တောင်သူများအား စပါးမျိုးစပ်ခြင်းနှင့် စပါးမျိုးသားဆက် လိုင်းရွေးချယ်ခြင်းနည်းပညာရပ်ဆိုင်ရာ သုတနည်းပညာများကို ရှင်းလင်းပြောကြားသည်။ 
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အကြိမ် (၄၀) မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲသို့ သုတေသီပညာရှင်များ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှ တောင်သူများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ပြီး “စိုက်ပျိုးနည်းပညာများကို အွန်လိုင်းမှလေ့လာခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ထွေးနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန လက်ထောက်သုတေသနအရာရှိ ဒေါ်နှင်းနှင်းလှိုင်တို့က စိုက်ပျိုးနည်းပညာများကို အွန်လိုင်းမှ လေ့လာခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် YouTube၊ TikTok မှတဆင့် စိုက်ပျိုးရေး နည်းပညာဆိုင်ရာများ လေ့လာရာတွင် ပြုလုပ်ရမည့်အချက်များကို လက်တွေ့ရှင်းလင်းပြသကြသည်။
ထို့နောက် YouTube မှတဆင့် ကောက်ရိုးမှတန်ဘိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရေး ခေါင်းစဉ်အောက်မှ မှိုစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပညာများခေါင်းစဉ်မှ စွန့်ပစ်ပလက်စတစ်ဗူးခွံများမှ လောင်စာထုတ်လုပ်ခြင်း နည်းပညာ ဗီဒီယိုဖိုင်များကို ပြသကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက တောင်သူများကိုယ်တိုင် တီထွင်အသုံးပြုလျက်ရှိသော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်များ၊ လုပ်ငန်းခွင် အတွေ့အကြုံမှတ်တမ်းများကို လူမှုကွန်ယက်မီဒီယာများမှတဆင့် ဖြန့်ဝေ၍ တောင်သူအချင်းချင်း နည်းပညာဖလှယ်သည့် အလေ့အကျင့်များ ပိုမိုတွင်ကျယ်အောင် အားပေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို အသေးစိတ် ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်