နေပြည်တော် ဇူလိုင် ၃၀

ကောက်စိုက်စက် နောက်တွဲမျိုးစေ့ချ ကိရိယာဖြင့် အစိုသမန်းပြင်တွင် မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာ အုပ်စု ကြို့ပင်ကျေးရွာ၌ ကျင်းပသည်။

သရုပ်ပြပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြရာ ဒေသခံတောင်သူများက စိုက်ပျိုးရေနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များ နှင့်စပ်လျဉ်းပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။ 
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် ကောက်စိုက်စက် နောက်တွဲမျိုးစေ့ချကိရိယာဖြင့် အစိုသမန်းပြင်၌ မျိုးစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးပြီး ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနအတွင်းရှိ ယာမျိုးစပါး စိုက်ပျိုးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ကောက်စိုက်စက် နောက်တွဲမျိုးစေ့ချ ကိရိယာဖြင့် အစိုသမန်းပြင်တွင် မျိုးစေ့ချစိုက်ပျိုးခြင်းဖြင့် စပါးစိုက်တောင်သူများအနေဖြင့် မျိုးစေ့အလေအလွင့်မရှိ မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ အချိန်ကုန် သက်သာခြင်း၊ လုပ်အားခလျှော့ချနိုင်ခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

သတင်းစဉ်