နေပြည်တော် ဇူလိုင် ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ယနေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ မကွေး တိုင်းဒေသကြီး ချောက်မြို့နယ် ဂွေးချိုအုပ်စုရှိ တောင်သူများနှင့်တွေ့ဆုံ၍ မြေပဲ၊ နှမ်း၊ ဆီထွက် သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင်ရေး ဆွေးနွေးကြသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများအကြား စဉ်ဆက်မပြတ် ထိတွေ့မှုရှိစေရေးအတွက် အီလက်ထရောနစ် ဆက်သွယ်မှုနည်းပညာ အပါ အဝင် သင့်တော်သည့် နည်းလမ်းများကို အသုံးပြုပြီး တောင်သူ့အခက်အခဲနှင့် လိုအပ်ချက်ကို သိရှိကူညီဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းပေးကြရန်လိုကြောင်း၊ စိုက်ပျိုးမြေများအားလုံး ကွက်ပြည့် စိုက်ပျိုးနိုင်ရေးနှင့် လယ်ယာမြေဥပဒေပါ ပြဌာန်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရေး ထိန်းကျောင်းကြပ်မတ်ရန် လိုအပ်ကြောင်း၊ အခြေအနေပေးသည့် ဒေသများတွင် မြေလပ်မထားပဲ သင့်တော်သည့် သီးနှံပုံစံဖြင့် တစ်နှစ်ပတ်လုံး အောင်အောင်မြင်မြင် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများက ဝိုင်းဝန်းကူညီအားပေးကြရန် လိုအပ်သကဲ့သို့ တစ်ဧကတွင်ဝင်ဆံ့သည့် အပင်ဦးရေအပြည့် စိုက်ပျိုးနိုင်ရေးအပါအဝင် ပန်းတိုင်အထွက်ရရှိရေး၊ သီးနှံစိုက်ဧကနှင့် အထွက်နှုန်းဆိုင်ရာ အချက်အလက် ကိန်းဂဏန်းစာရင်းဇယားများ မှန်ကန်စေရေးတို့ကို အလေး ဂရုပြုဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် ကြံစို့ကျေးရွာ ကွင်းအမှတ် (၂၀၀၇) ရှိ တောင်သူ ဦးအောင်မောင်း၏ စိုက်ကွင်းတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံအထူးဇုံ (မိုးနှမ်း)စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နှမ်းသီးနှံမျိုးကောင်း မျိုးသန့်များ ပြောင်းလဲအသုံးပြုနိုင်ရေးနှင့် နှမ်းစိုက်နည်းစနစ်ဆိုင်ရာများ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်