နေပြည်တော် ဧပြီ ၁

သဘာဝဂေဟအရင်းအမြစ်များကြွယ်ဝပြီး ခရီးသွားများနှစ်သက်သည့် ဒေသတစ်ခု ဖြစ်သော ပြင်လွင်မြို့၏ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာရေးအတွက် သက်ဆိုင်ရာ ဌာနများက ဘက်စုံကဏ္ဍစုံမှ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်အဖြစ် ထိမ်းသိမ်းနိုင်ရန် ပန်းမန်သုတေသန ရလဒ်ကောင်းများဖြင့် အထောက်အပံ့ပြုနိုင်ရေး ကြိုးပမ်းရန်လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ပြောကြားသည်။

ယမန်နေ့ နံနက်ပိုင်းက ဂဲလောင်းချောင်းရေလမ်းကြောင်း တူးဖော်ခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးက  ပန်းစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးမြေနေရာ ကျဉ်းကျဉ်းဖြင့် ဝင်ငွေများများ ရနိုင်သည့်အတွက် လုပ်ကွက်ငယ် လယ်သမား ခြံသမားများ အတွက်များစွာအကျိုးရှိသည့် သီးနှံဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့၏ အသက်သွေးကြော ဖြစ် သည့် ဂဲလောင်းချောင်း ရေအရည်အသွေးကောင်းမွန်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်များ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် ဒေသနေပြည်သူ တစ်ရပ်လုံး ဝိုင်းဝန်းပူး‌ပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီး သည် ကန်တော်လေးရေလှောင်တမံ ရေပိုလွှဲအရှည် တိုးချဲ့ဧရိယာတည်ဆောက်ခြင်းလုပ်ငန်း၊ ကော်ဖီသုတေသနနှင့် နည်းပညာပြန့်ပွားရေး ဗဟိုဌာနနှင့် ပြင်ဦးလွင်ကော်ဖီဥယျာဉ် ၊ ဒိုးကွင်ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် သစ်ခွမျိုးများ ပျိုးပင်ပေါက်များ ထုတ်လုပ်ဆောင်ရွက်နေမှုနှင့်  မိတ္ထီလာမြို့ ၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန၊ မွေးမြူ‌ရေး အသုံးချသုတေသနှင့် မျိုးထိန်းမျိုးပွားခြံ (သဖန်း) ၏ ဆောင်ရွက်ဆဲ လုပ်ငန်း‌များနှင့် မွေးမြူရေးခြံများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်