နေပြည်တော် ဧပြီ ၂၅
သီးနှံပေါ်ချိန်တွင် ပြန်လည်ပေးဆပ်လာမည့် ရန်ပုံငွေများကို လာမည့်စိုက်ပျိုးရာသီများ အတွက် လှည့်ပတ်ရန်ပုံငွေအဖြစ် ဆက်လက်အသုံးပြုနိုင်ရေး ရည်ရွယ်ဆောင်ရွက်ပေးသည့် နိုင်ငံတော်၏ စေတနာမွန်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ တောင်သူများက စုစည်းညီညွတ်စွာ ကြိုးပမ်းပေးကြစေလိုကြောင်း ယနေ့ နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးကြမည့် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာ တောင်သူများ၊ ပုဂ္ဂလိကလုပ်ရှင်များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ဆည်ရေပေးဝေမှုလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်စေရန်နှင့် ပိုမိုစနစ်တကျဖြစ်စေရန်၊ ရေအလေအလွင့်ဆုံးရှုံးမှုကို အနည်းဆုံး ပမာဏဖြင့် အထိရောက်ဆုံး ရေပေးဝေမှု စီမံဆောင်ရွက်နိုင်ရန်၊ ရေအသုံးချသူများအဖွဲ့ (WUG)များ စနစ်တကျ ထပ်မံတိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးစေ့နှုန်းထား နှင့် စိုက်ပျိုးရေ ခြိုးခြံချွေတာသည့် စနစ်များ ကျင့်သုံးကြရန်လိုကြောင်း၊ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးလာရေးအတွက် မျိုးစေ့ထုတ်တောင်သူ အစုအဖွဲ့များစုဖွဲ့ခြင်း မျိုးစေ့သန့်စင်စက်များ တည်ထောင် အသုံးပြုခြင်းများ ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်ခြံဝန်းအတွင်း ငုံးမွေးမြူရေး၊ တိုင်းရင်း ကြက်များ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် အားပေးကူညီခြင်းဖြင့် တောင်သူများ အပိုဝင်ငွေတိုးရေးနှင့် ကျေးရွာသူ ကျေးရွာသားများ အလုပ်အကိုင်ရရှိရေးကို ဖန်တီးဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် နွေစပါးစိုက်ခင်းများကို ကြည့်ရှု အားပေးကြသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာရှိ စက်မှုလယ်ယာဝန်ဆောင်မှု ရှေ့တန်းစခန်းတွင် စက်မှုလယ်ယာဦးစီးဌာန က သုတေသနပြု စမ်းသပ်ဆောင်ရွက်ထားရှိသော ကောက်ရိုးများ၊ သစ်ရွက်စိမ်းများ၊ နွားချေးများကို လေပေး စနစ် ဖြင့် သဘာဝမြေဆွေးပြုလုပ်ရန် အလျား(၁၀)ပေ၊ အနံ(၈)ပေနှင့် အမြင့်(၄)ပေရှိ မြေဆွေး ကန်နှင့် လေမှုတ်စနစ် တပ်ဆင်ဆောင်ရွက်ထားရှိမှု ၊ မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးထားသည့် နွေနှမ်းစိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်