နေပြည်တော်၊စက်တင်ဘာ၂၁
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ၊ ရော်ဘာသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရော်ဘာဆိုင်ရာနည်းပညာပေး သင်တန်းများ ဖွင့်လှစ်ထားရှိမှု ၊ (ISO/ IEC 17025 : 2017) နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရှိမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်ဒုတိယဝန်ကြီးက ရော်ဘာစတင်စပျိုးသည့်မှ တန်ဖိုးမြှင့်ရော်ဘာ ထုတ်လုပ်နိုင်သည့်အထိ နည်းပညာများအားဖြန့်ဖြူးပေးနိုင်ရေး၊ မြန်မာ့ရော်ဘာ နိုင်ငံတကာ ဈေးကွက်ရရှိနိုင်ရေး၊ ရော်ဘာရွက်ဖြင့် ပန်းအလှပြင်ဆင်မှုနှင့် လက်မှုပစ္စည်းပြုလုပ်ခြင်း နည်းပညာကို ပိုမိုသိရှိနိုင်ရေး၊ သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး ရော်ဘာအစေးရည်ဓါတ်ခွဲခန်း၊ ရော်ဘာကွန်ပေါင်း ဓါတ်ခွဲခန်း၊ သဘာဝရော်ဘာ ဓါတ်ခွဲခန်း (ရူပ/ ဓါတုဓါတ်ခွဲခန်း) လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် သာကေတမြို့နယ်ရှိ ယုဇနစားအုန်းဆီသန့် (ဆီချော) စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံက တနင်္သာရီတိုင်းဒေသကြီးမှ စားအုန်းဆီကြမ်းများ ရောက်ရှိနေမှု၊ ရောက်ရှိသည့် စားအုန်းဆီကြမ်းများအား ဆီသန့်ထုတ်လုပ်ခြင်း လုပ်ငန်းအဆင့်ဆင့်နှင့် စားသုံးဆီသန့်၊ မု့န်လုပ်ဆီ စက်မှုကုန်ကြမ်းသုံးဆီ ထုတ်လုပ်နေမှုများကို ရှင်းလင်းပြသသည်။
အဆိုပါ ယုဇနစားအုန်းဆီသန့် (ဆီချော) စက်ရုံမှ တစ်နေ့လျှင် စားအုန်းဆီကြမ်း တန်ချိန် (၃၀၀) ကို ဆီချောထုတ်လုပ်ပေးနိုင်ပြီး စားအုန်းဆီကြမ်းမှ စားအုန်းဆီသန့် (ဆီချော) ထုတ်လုပ်ရာတွင် စားအုန်းဆီသန့် (ဆီချော) ၆၅ ရာခိုင်နှုန်း၊ မု့န်လုပ်ဆီ စက်မှုကုန်ကြမ်း သုံးဆီ ၂၅ ရာခိုင်နှုန်း၊ ဆပ်ပြာဆီ ၅ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်