နေပြည်တော် ဖေဖော်ဝါရီ ၉
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခဒေါက်တာအောင်ဝင်း ဦးဆောင်သော နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် သီးနှံစုံအကန့် လိုက်စိုက်ပျိုးနည်းစနစ် တောင်သူပညာပေးသရုပ်ပြစိုက်ခင်းသို့ လာရောက်လေ့လာကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နည်းပညာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပြောကြားသည်။
ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဆွေးနွေးပြောကြားရာတွင် သီးထပ်စွမ်း အားတိုးတက်ရန်အတွက် စိုက်ပျိုးရေရရှိရန်နှင့် စက်မှုလယ်ယာအခန်းကဏ္ဍသည် အဓိကကျကြောင်း၊ မိမိတို့ပတ်ဝန်းကျင်တွင် ပိုးသတ်ဆေးများနှင့် ပေါင်းသတ်ဆေးများကို လိုအပ်သည်ထက် ပို၍ဖျန်းခြင်းကြောင့် မိတ်ဆွေပိုး များနှင့်ပျား အပါအဝင် ဝတ်မှုန်ကူးစေသည့် အင်းဆက်ပိုးများ၏ ဦးရေကျဆင်းနေပါက နေကြာ အထွက်နှုန်းလျော့ကျကြောင်း၊ တောင်သူများ၏ အဓိကလိုအပ်ချက်များဖြစ်သော အရင်းအနှီး၊ နည်းပညာ၊ စျေးကွက်၊ စိုက်ပျိုး ထားသည့်သီးနှံများ သယ်ယူရွေ့ပြောင်းရန်အတွက် ကုန်ထုတ်လမ်းနှင့် အခြေခံအ ဆောက်အဦများ လိုအပ်ကြောင်း၊ သီးနှံစုံ ၁၈ မျိုး၏ အကန့်လိုက်စိုက်ပျိုး ထားရှိမှုများ ကိုလေ့လာ၍ သီးနှံတစ်မျိုးခြင်းအလိုက် မြေပြင်ဖုံးလွှမ်းနိုင်မှုကိုလေ့လာပြီး မှတ်တမ်းတင်ထားကြ ရန်လိုကြောင်း၊ လူစာ၊ တိရစ္ဆာန်စာ၊ ဂေဟစနစ်စာ၊ မြေစာ စသဖြင့် စိုက်ပျိုးထားရှိမှုနှင့် ရေသွင်း ရေထုတ်မှန်ကန်စေရန် ပေါင်းကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားရှိသင့်သည်ကို မှတ်သားထားကြရန် လိုကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည့် လေ့လာရေးကျောင်းသား ကျောင်းသူများကို သီးနှံစုံ ၁၈ မျိုးအကန့်လိုက် စိုက်ပျိုးထားရှိသည့် စိုက်ခင်းအတွင်း လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)