နေပြည်တော်၊ ဇန်နဝါရီ ၁၆

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် ယမန်နေ့ နံနက်ပိုင်းက သုတေသန သရုပ်ပြစိုက်ကွင်းများနှင့် ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်း လက်တွေ့ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

လုပ်ငန်းများ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က (KG+12)သင်ယူ အောင်မြင်လာသည့် ကျောင်းသား ကျောင်းသူများကို စိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ် ဘွဲ့ကြိုသင်တန်းတွင် လက်ခံသင်ကြားပေးရန် ၂၀၂၄ နိုဝင်ဘာ ပထမပတ်တွင်ဖွင့်လှစ်မည့် စာသင်ကာလအတွက် စနစ်တကျကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ချက်များ၊ စိုက်ပျိုးရေး ပညာရပ်များသာမက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပ၊ ဓါတု၊ ဇီဝနှင့် ရုက္ခဗေဒ ဘာသာရပ်များအားလုံးကို အရည်အသွေးပြည့်ဝစွာ သင်ကြားပို့ချပေးနိုင်ရန် သင်ရိုး ညွှန်းတမ်း ညှိနှိုင်းရေးဆွဲခြင်းနှင့် လိုအပ်သော အစီအမံများ ဆောင်ရွက်ထားရှိရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

 

ဆက်လက်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့်စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်ပွဲတော်ကို စိမ်းစို သာယာလှပစွာ ကျင်းပနိုင်ရန် သီးနှံပုံစံအလိုက် စိုက်ခင်းများ စီမံချက်ချမှတ် ပြင်ဆင်ဆောင်ရွက်ထားရှိရန် ကိစ္စရပ်များကို မှာကြား၍ စိုက်ပျိုးရေးတက္ကသိုလ်၏ စာသင်နှစ်အလိုက် သင်ကြားရေးလုပ်ငန်း ဆောင်ရွက် နေမှုများကို စာသင်ဆောင်တစ်ခုချင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမတွင် သင်ကြားရေးဆိုင်ရာ ပါမောက္ခ ဌာနမှူးများနှင့် တွေ့ဆုံ၍ တက္ကသိုလ်၏ သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေမှု၊ သင်ကြားရေး ဆရာ ဆရာမ ခွင့်ပြု အင်အားနှင့် လစ်လပ်အခြေအနေများကို မေးမြန်းဆွေးနွေးပြီး ဒုတိယဝန်ကြီးက ဌာနအလိုက် သင်ကြားရေး ဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

အလားတူ ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ လက်တွေ့ သင်ကြားရေး ဓါတ်ခွဲခန်းလုပ်ငန်းများနှင့် ၂၀၂၄ နိုဝင်ဘာ ပထမပတ်တွင်ဖွင့်လှစ်မည့် စာသင်ကာလ အတွက် အကြိုပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)