နေပြည်တော်၊ ဇန်နဝါရီ ၂၈
စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စီပင်စိုက်ပျိုးရေး သုတေသနခြံ၏ သုတေသနနှင့် မျိုးစေ့ထုတ်လုပ်မှု ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆင်းရွှေကြာ - ၂ နေကြာမျိုးသန့် ရွေးချယ်ရေး လုပ်ငန်းများနှင့် ဂျုံသီးနှံသုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး နည်းပညာနှင့် သုတေသနလိုအပ်ချက်များကို မှာကြားသည်။
ထို့နောက် စီပင်စိုက်ပျိုးရေးသုတေသန ခြံအတွင်း ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည့် နေကြာသုတေသန စိုက်ခင်းများ၊ စုဆောင်းရရှိထားပြီး ဂျုံမျိုးဗီဇကွဲများနှင့် သြစတေးလျနိုင်ငံမှ တင်သွင်းသည့် ဂျုံမျိုး (၄) မျိုးကို မြန်မာနိုင်ငံ၏ ရေမြေရာသီဥတု၌ အပင်ဖြစ်ထွန်းမှုကောင်းသော အရည်အသွေးကောင်း ဂျုံမျိုးရရှိစေရန် သုတေသနပြု စမ်းသပ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သုတေသနနှင့် နည်းပညာလိုအပ်ချက် လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။
အလားတူဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ရွှေဒါးရှေ့တန်းစခန်းရှိ ဆင်းရွှေကြာ (၂) မျိုးရွေးချယ်မြှင့်တင်ရေး မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒေသအတွင်း မျိုးစေ့ဖူလုံရန်အတွက် တောင်သူများကိုယ်တိုင် ပူးပေါင်း ပါဝင်သော မျိုးရွေးချယ်ရေးလုပ်ငန်းများ လုပ်ဆောင်ကြရန်လိုကြောင်း၊ အပွင့်အရွယ်အစား ၆ လက်မခွဲနှင့်အထက်၊ အပင်အမြင့်နှင့် သက်တမ်းကို ရွေးချယ်ပြီး လာမည်ရာသီတွင် ဆက်လက် စိုက်ပျိုး၍ နှစ်စဥ်မျိုးရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှသာ ပန်းတိုင်အထွက်နှုန်း ရရှိမှာဖြစ်ကြောင်း၊ နေကြာသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် အဓိကကျသော သဘာဝပျားမျိုးများ၊ လိပ်ပြာ၊ ဖလံများ၊ ပိတုန်းများ ဂေဟစနစ်တွင် ပြန်လည်ပြည့်ဖြိုးလာစေရန်၊ ပျားစာပင်များ၊ အကျိုးပြုအပင်များကိုလည်း စိုက်ခင်းပတ်လည်တွင် စိုက်ပျိုးကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မြစ်သားမြို့နယ်ရှိ တောင်သူဉီးအောင်ထိန်၏ တော်ဝင်ကြက်သွန်နီ ပွဲရုံံလုပ်ငန်းနှင့် ရွာသစ်ကုန်းကျေးရွာ တောင်သူဦးမောင်စိုး၏ ကြက်သွန်နီ စိုက်ခင်းတို့ကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပင်ကြားဝတ်မှုံကူးသည့် သီးနှံဖြစ်သော ကြက်သွန်နီ မျိုးစေ့ထုတ်လုပ်ငန်း အောင်မြင်ရန် ပျားများ၊ ပိတုန်းများနှင့် အခြားအင်းဆက် ပိုးများလိုအပ်ကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်း၍ ပန်းပွင့်ချိန်ကို လေ့လာပြီး မျိုးရိုးဗီဇမတူသည့်မျိုးများကို ပန့်ပွင့်ချိန်တူအောင်လုပ်ဆောင်၍ မျိုးစပ် မျိုးယူခြင်း သုတေသများ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝက်ထိန်းကျေးရွာ တောင်သူဦးစိုးဝင်း၏ နေကြာ (၁၀) ဧက စိုက်ခင်းနှင့် တံတားဉီးမြို့နယ်၊ စကားအင်းအဝိုင်းအနီးရှိ ဆောင်းဂျုံ စံပြကွက် (၂၅) ဧကတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာ တောင်သူများနှင့် တွေ့ဆုံ၍ ကျောက်ဆည် အင်းကုန်းစက်ရုံက စမ်းသပ်ထုတ်လုပ်သည့် အပေါ့စား လက်ဆွဲ ကောက်စိုက်စက်ကို နွေစပါး စိုက်ပျိုးရာသီမှစတင်၍ တောင်သူများတွင်တွင်ကျယ်ကျယ် အသုံးပြု နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ညှိနှိုင်း ဆောင်ရွက်ထားရှိမှု၊ အဓိကစိုက်ပျိုးသည့်သီးနှံ မပေါ်မီစပ်ကြားတွင် အရင်းကျေသီးနှံစိုက်ပျိုး၍ အပိုဝင်ငွေ ရရှိရေးဆောင်ရွက်ကြရန်၊ ကောက်ရိုးမှတန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ကာ MSME လုပ်ငန်းများ ထွန်းကားလာစေရေး ဆွေးနွေးပြောကြားပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


