ရန်ကုန် စက်တင်ဘာ ၂၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပမည့် (၃၂) ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး (32nd ASEAN Socio-Cultural Community (ASCC) Council Meeting) သို့ ပြည်ထောင်စုဝန်ကြီး ကိုယ်စား တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် Myanmar Airways International လေကြောင်းဖြင့် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားသည်။
ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


