နေပြည်တော် ဇန်နဝါရီ ၂၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် ယနေ့တွင် အမျိုးသားပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာသည့် Nay Pyi Taw State Academy မှ ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက ပြတိုက်များသည် Informal Learning System ဖြင့် အသိပညာ ဗဟုသုတများကိုပေးသည့်နေရာဖြစ်ကြောင်း၊ ကျောင်းသင်ခန်းစာများတွင် သင်ကြားသည့် အကြောင်းအရာများကို လက်တွေ့လေ့လာသိရှိနိုင်ကြောင်း၊ အမျိုးသားပြတိုက်(နေပြည်တော်)တွင် ကမ္ဘာပေါ်တွင် အစောဆုံးဟုသတ်မှတ်ထားသည့် လူတူပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာတွေ့ရှိခြင်းဖြင့် မိမိနိုင်ငံအတွက် ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ ပြတိုက်တွင် သမိုင်းကြောင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာများကို ပြသထားကြောင်း၊  ဒေါက်တာသန်းထွန်း က သမိုင်းသင်ရသည့်အကြောင်းမှာ “မအအောင်” သင်ကြားခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ သမိုင်းမှန်ကိုသိရှိနိုင်ရန် သမိုင်းကိုသင်ကြားရခြင်းဖြစ်ကြောင်း၊ လူငယ်များသည် နောင်တစ်ခေတ်တွင် ခေါင်းဆောင်များ၊ ပညာရှင်များဖြစ်လာကြမည့်သူများဖြစ်သဖြင့် မိမိတို့ အနေဖြင့် အလေးထားပါကြောင်းနှင့် ပြတိုက်တွင် ပြသထားသည့် ပြခန်းများအလိုက် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာဗဟုသုတများကို လေ့လာကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကိုအမျိုးသားပြတိုက်(နေပြည်တော်)ရှိ ပြခန်းများ အကြောင်းကို Video Clip ဖြင့် ပြသခဲ့ပြီး၊ ပြတိုက်ဆိုင်ရာ ဝန်ထမ်းများမှ ပြခန်းများအလိုက် ရှင်းလင်းပြသခဲ့ရာ လိုအပ်သည်များကို ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က ဖြည့်စွက်ရှင်း လင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများ လေ့လာခဲ့သည့်အကြောင်းများနှင့် ပတ်သက်၍ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုစေပြီး၊ ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်