နေပြည်တော် ဩဂုတ် ၂၁
Digital Museum နှင့် Pagoda Digital Directory အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက် (နေပြည်တော်)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ Digital Museum အခြေခံသင်တန်း တက်ရောက်နေကြသော သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြတိုက်နှင့်စာကြည့်တိုက်များကို ခေတ်မီနည်းပညာများဖြင့်် ပြည်သူလူထုကို ပြသရန်လိုအပ်ကြောင်း ၊ Digital Museum ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားပါကြောင်း၊ အလားတူ ပြတိုက်၊ စာကြည့်တိုက်များသာမက မြန်မာနိုင်ငံမှ အထင်ကရ ဘုရားများတွင် Pagoda Digital Directory ပြုလုပ်၍ အများပြည်သူသိရှိအောင် ပြသထား ရှိရန်လည်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပြုခဲ့၍ ယခုအစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြတိုက်၊ စာကြည့်တိုက်များသာမက နိုင်ငံအတွင်း ထင်ရှားသော တန်ခိုးကြီး ဘုရား ၉ ဆူကို ဦးစွာရွေးချယ်၍ ဘုရားဂေါပကအဖွဲ့များကို ဖိတ်ကြားကာ အဆိုပါ ဘုရားများအတွက် Pagoda Digital Directory ပြုလုပ်ရေး ဦးဆောင်ဆွေးနွေး ရှင်းလင်းပြသရမည်ဟု လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆောင်ရွက်ထားသည့် Digital Museum လုပ်ငန်းများကို ပြသ၍ နမူနာထား ရှင်းလင်းသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဌာနမှ ဆောင်ရွက်ထားသည့် Digital Museum ဆိုင်ရာအကောင်အထည် ဖော်ထားရှိမှုများကို ရှင်းလင်းတင်ပြကာ Digital Museum ဆောင်ရွက်ထားမှုအခြေအနေကို လက်တွေ့သရုပ်ပြရှင်းလင်း တင်ပြသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက Pagoda Digital Directory အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ အကြံပြုတင်ပြဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)