ဒုတိယဝန်ကြီး ဒေါ်နုမြဇံ နှင့် တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းခြင်းဆိုင်ရာ ဆွေးနွေး

 

ပုဂံမြို့ ၊ မတ် ၃၁ 

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Li Qun သည်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အတူယမန်နေ့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ရောက်ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြုပြင်ထိန်းသိမ်း လျက်ရှိသော သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းမှု အပါအဝင် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော အဖွဲ့နှင့်ညနေပိုင်းတွင်ပုဂံရှေးဟောင်း သုတေသနပြတိုက်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေး သည်။ 

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက တရုတ်နိုင်ငံအစိုးရ အကူအညီဖြင့် ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသ သဗ္ဗညုဘုရား ပြုပြင်မွမ်းမံရေးစီမံကိန်း လုပ်ငန်းစတင်ခြင်း အခမ်း အနားကို  ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁)ရက် တွင် ကျင်းပခဲ့ပါကြောင်း သဘောတူညီချက်အတိုင်း ဆက်လက်၍ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်း ပေးမည်ကို သိရှိရသဖြင့် ကျေးဇူးတင်ပါ ကြောင်း၊  ပုဂံယဉ်ကျေးမှုဒေသ တစ်ခုလုံးအား အဆင့်မြင့် နည်းပညာဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းသိမ်းကွပ်ကဲသည့် စနစ်တပ်ဆင်မှု လိုအပ်သဖြင့် ကူညီဆောင်ရွက်ပေး စေလိုပါကြောင်း၊  ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ အနော်ရထာနန်းတော်အား အဆင့်မြှင့်တင်ရေးနှင့် ခင်းကျင်းပြသရေးတို့အတွက် ဆက်လက်ကူညီ ဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းနောက်တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကို ဆက်လက် ကူညီ ဆောင်ရွက်ပေးရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါ ကြောင်း၊ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးကို နိုင်ငံတော်အဆင့်အဖြစ် မြှင့်တင်ဆောင်ရွက်နေ ပြီး လုပ်ငန်းကျွမ်းကျင်သော ရှီအမ်းပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဌာနကို တာဝန် ပေးထားကာ မိမိတို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးကြပ်ပေးနေပါကြောင်း တရုတ်သမ္မတကြီး ရှီကျင့်ဖျင်က အာရှယဉ်ကျေးမှုအမွေအနှစ်ကာကွယ်ထိန်းသိမ်းရေးအတွက် မြှင့်တင်ဆောင်ရွက်ရန် အဆိုပြုထား၍ မြန်မာနိုင်ငံကိုလည်း ပါဝင်ပူးပေါင်းရန် ဖိတ်ခေါ်ပါကြောင်း ဆက်လက်၍လည်း နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်မြှင့်တင်ရေးတွက် ကူညီ ပူးပေါင်းမှုများ  ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖွဲ့တို့နှင့်အတူ သဗ္ဗညုဘုရားအား တရုတ်ပညာရှင်အဖွဲ့ က ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန် လျာထား ချက်များကို ရှီအမ်းပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့က ရှင်းလင်း တင်ပြမှုကို ကြည့်ရှုစစ်ဆေး၍ အမြန်ဆုံးလုပ်ငန်း စတင်ဆောင်ရွက်သွားရန်နှင့် အဆင့်မြင့် နည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်း သွားရန်ဆွေးနွေး မှာကြားသည်။ ဆက်လက်၍ စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရား၊ အာနန္ဒာဘုရား ရွှေစည်းခုံဘုရားနှင့် ချူအင်လိုင်းတန်ဆောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ သည်။

(သတင်းစဉ်)