နေပြည်တော် နိုဝင်ဘာ ၂၇

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် တည်းခိုရေးစခန်း၊ (ရွာတော်သို့) ရောက်ရှိပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်တင်ဆက်မည့် “ခေတ် ၆ ခေတ်”ယိမ်း အကလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားသည်။

အဆိုပါ “ခေတ် ၆ ခေတ်” ယိမ်းအကကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အနုပညာဦးစီးဌာနမှ အနုပညာရှင် ၇၅ ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) မှအင်အား ၁၀၀ ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ အင်အား ၅၀၊ အနုပညာအထက်တန်းကျောင်း (ရန်ကုန်)မှ ၂၅ ဦး၊ အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ ၂၅ ဦးနှင့် ကရင်ပြည်နယ်မှ ကျောင်းသူ ၂၅ ဦး စုစုပေါင်း အင်အား ၃၀၀ ဖြင့် တင်ဆက်ကပြသွားရန် ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။

အဆိုပါ “ခေတ် ၆ ခေတ်” ယိမ်းအကတွင် ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်နှင့် မျက်မှောက်ခေတ်တို့ပါဝင်ပြီး တစ်ခေတ်စီ၏ ကကြိုး ကကွက်နှင့် တီးလုံးအပြင် အဆိုပါခေတ်၏ သင်္ကေတပုံဖော်မှု ဒီဇိုင်းများ ပါဝင်၍ ဇာတ်တိုက် လေ့ကျင့်မှုများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)က ကြီးကြပ်တာဝန်ယူ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်