နေပြည်တော်၊ နိုဝင်ဘာ ၁၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် မိုးကြိုးလွှဲတပ်ဆင်ဆောင်ရွက်ခြင်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှေးဟောင်းအဆောက်အအုံအမှတ်(၂၀၇) တိဿဘုရားနှင့် ရှေးဟောင်းအဆောက်အအုံအမှတ်(၂၁၁)တို့ကို ဘုရားဖူးဧည့်သည်များ လွယ်ကူစွာ ဖူးမြော်နိုင်ရေး ဘုရားဖူးဝင်လမ်း၊ ထွက်လမ်း လမ်းဖောက်မည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ယာဂီမုန်တိုင်းကာလတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်မှုရှိခဲ့သော ဝတ္ထနတောဘုရားစုရှိ ရှေးဟောင်းအဆောက်အအုံအမှတ်(၃၄၅) ပြန်လည်ပြုပြင် ထိန်းသိမ်းထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဘုရားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းကို ရှေးဟောင်းအမွေအနှစ် လက်ရာများ ထိခိုက်မှုမရှိစေရေးနှင့် ရေရှည်ကြံ့ခိုင်စေရေးတို့ကို အလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ရှေးဟောင်းအဆောက်အအုံအမှတ်(၃၇၄) အလိုတော်ပြည့်ဘုရားကို ဖူးမြော်ကြည်ညို၍ မိုးကြိုးလွှဲတပ်ဆင်ပြီးစီးမှုကို လည်းကောင်း၊ ဧရိယာ D ရှိ ဘုရားအပေါ်ပိုင်းနှင့် ဘေးပတ်လည် ဘုရားလိုဏ်အတွင်း သန့်ရှင်းရေး ဆောင်ရွက်မှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လမ်းဘေးဝဲယာရှိ ဘုရားများတွင် ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ရှေးဟောင်းအဆောက်အအုံအမှတ်(၂၃၅) သိကြားပုန်းဘုရားသို့ ရောက်ရှိပြီး ဘုရားလိုဏ်အတွင်းရှိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ကားရပ်နားရန်နေရာအား မြေသားနေရာ ထပ်မံတိုးချဲ့ခြင်းလုပ်ငန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မည့် သိကြားပုန်းဘုရား ချဉ်းကပ်လမ်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


