နေပြည်တော် ဒီဇင်ဘာ ၁၂
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ တူးဖော်ဆယ်ယူပြီးသော ရှေးဟောင်းရေကန်ဖြစ်သည့် မင်္ဂလာကန် (၃)၊ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန လေ့လာဆန်းစစ်ရေးအဖွဲ့ (ASI) အဖွဲ့ ပြုပြင်ထိန်းသိမ်းခဲ့သည့် ရှေးဟောင်းအဆောက်အအုံအမှတ် -၁၇၉၁ (ရွာဟောင်းကြီးဘုရား) နှင့် ရှေးဟောင်းအဆောက်အအုံ အမှတ် - ၂၃၅ (သိကြားပုန်းဘုရား) များကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရွှေစည်းခုံစေတီတော်ကြီး ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံသော အစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေး ပညာရှင်များနှင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့များဖြင့် ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ရောက်ရှိစဉ် လမ်းညွှန်ချက်ဖြစ်သော ရွှေစည်းခုံစေတီတော်ကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် (Master Plan) အား ၆ လ အတွင်း အပြီး ရေးဆွဲနိုင်ရေး ကဏ္ဍအလိုက် ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်အခြေအနေ အသေးစိတ်ကြည့်ရှု၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဦးစီးကော်မတီသို့ တင်ပြနိုင်ရေးအတွက် အဖွဲ့လိုက်တင်ပြကြရန် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဗိသုကာ ကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြတိုက်များ) နှင့် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကတို့က ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးကြပြီး လုပ်ငန်းအဖွဲ့ (၄) ဖွဲ့က ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြကြရာ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) က ပေါင်းစပ်ဆွေးနွေးပေးပြီး ရွှေစည်းခုံ ပရဝဏ်အတွင်းရှိ တံတိုင်းအခြေစမ်းသပ်တူးဖော်ထားသည့် နေရာများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


