နေပြည်တော် ဇန်နဝါရီ ၁၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၁ ရက်က ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု၊ သန့်ရှင်းရေးဆောင်ရွက်ထားမှု၊ ပုဂံရှေးဟောင်း သုတေသန ပြတိုက်အတွင်း ခင်းကျင်းပြသ ထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးပြီဖြစ်သည့် Area 1 တွင် ပါဝင်သော နရသီဟပတေ့ဘုရားသို့ သွားရောက်ဖူးမြော်ကာ စေတီအထက် ပစ္စယံမှ Area 1 တွင် ပါဝင်သော ဘုရားများ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုကို လည်းကောင်း ၊ဘုရားအမှတ် (၅၃၄) စားပွဲတင်ဘုရား ပြုပြင်ထိန်းသိမ်း မှုများကို လည်းကောင်း၊ ဘုရားအမှတ် (၇၇၂) အင်းဘုရားကြီးပေါ်တွင် ပေါက်ရောက်နေသော ညောင်ပင်များ၊ ပေါင်းမြက်များကို ရှင်းလင်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ဒုတိယ ဝန်ကြီးက ဘုရားပေါ်တွင် ခက်ခဲစွာရှင်းလင်းဆောင်ရွက်ရသည့်အတွက် ညောင်ပင်များ ကျန်ရှိမနေစေရေး စနစ်တကျ ဆောင်ရွက်ရန်၊ ဝန်ထမ်းများအတွက် လိုအပ်သည့် Safety Equipment များ အသုံးပြု ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ရောက်ရှိပြီး ပြတိုက်ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ ပြတိုက်ခင်းကျင်းပြသမှုနှင့် ရှင်းလင်းပြသမှုများကို စနစ်တကျစီမံဆောင်ရွက်ရန်နှင့် ရှင်းလင်း ပြသမှုအပိုင်းတွင် တစ်ဦးတစ်ယောက်တည်းက ရှင်းလင်းပြသမှုမဟုတ်ဘဲ ပြခန်းအလိုက် ဝန်ထမ်း တစ်ဦးချင်းစီ ရှင်းလင်းပြသနိုင်ရေး စီမံဆောင်ရွက်ရန်၊ ပြတိုက်ခင်းကျင်းပြသခြင်း၊ ရှင်းလင်းပြသခြင်းဆိုင်ရာ တာဝန်များ ကျေပွန်စေရေး ပြတိုက်ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် မှာကြားပြီး ပြတိုက်ခင်းကျင်းမှုများနှင့် ရှင်းလင်းချက်စာသားများအား လမ်းညွှန်ချက်အတိုင်း ပြုပြင်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငှက်ပစ်တောင်ဘုရားဝင်းအတွင်းရှိ ရှင်အရဟံအုတ်ကျောင်းသို့ သွားရောက်၍ အုတ်ကျောင်းအတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ထားမှု၊ ဘုရားဖူးဧည့်သည်များ ဖူးမြော်ကြည်ညိုနိုင်ရေး ပြင်ဆင်ခင်းကျင်းထားမှု၊ ငှက်ပေါက်တွင်းနှင့် ငှက်ကြီးဂူများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ မိုးရွာသွန်းမှုကြောင့်ပျက်စီးခဲ့သည့် ဘုရားအမှတ်(၁၆၁) ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းကို စစ်ဆေးပြီး လောကပွင့်လင်း ဆုတောင်းပြည့်မြတ်စွာ ဘုရားကျောင်းတော် ကြီးအတွင်းရှိ လျောင်းတော် မူရုပ်ပွားတော်ကြီးကိုဖူးမြော်ကြည်ညို၍ ရုပ်ပွားတော်ရှိရာ လိုဏ်ဂူမျက်နှာကြက်များ ပျက်စီးနေခြင်းကို မိုးမကျမီ ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)