နေပြည်တော် ဩဂုတ် ၁၈
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် ဒေသန္တရစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရေးဆွဲနိုင် ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ရန် ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာန/အဖွဲ့ အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ် အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း လျာထားသည့် စီမံကိန်းများကို ထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်ရန်၊ စာရင်းဇယားမှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ နိုင်ငံ့ဘဏ္ဍာငွေ သုံးစွဲမှုများ စနစ်တကျဖြစ်စေရန်၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မြေပြင် ကွင်းဆင်းစိစစ်ခြင်း များဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရေးတို့ကို မှာကြား၍ ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ဝန်ကြီးဌာနမှ ပံ့ပိုးပေးသည့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မိုခါမုန်တိုင်းကြောင့် ရုံးအဆောက်အဦးနှင့် ဝန်ထမ်းအိမ်ရာ များ ပျက်စီးဆုံးရှုံးမှုများအတွက် ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူဗဟိုပြု စီမံကိန်းများရေးဆွဲနိုင်ရေး၊ နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးတည်ချက်များကို စီမံကိန်းများနှင့် ချိတ်ဆက် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးတို့အတွက် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေး ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)