နေပြည်တော် ဒီဇင်ဘာ ၂၉

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥတ္တရခရိုင် စီမံကိန်းဦးစီးရုံးနှင့် ဥတ္တရသီရိမြို့နယ် စီမံကိန်းဦးစီးရုံးများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဥတ္တရခရိုင်စီမံကိန်းဦးစီးရုံးနှင့် ဥတ္တရသီရိမြို့နယ် စီမံကိန်းဦးစီးရုံးများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊  အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ရာ၌ သက်ဆိုင်ရာမြို့နယ်နှင့် ခရိုင်များမှ မိမိတို့နှင့် သက်ဆိုင်သည့် အပိုင်းများအလိုက် စနစ်တကျ သုံးသပ်ဆောင်ရွက်သွားရန်၊ စာရင်းဇယားများပြည့်စုံ မှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ခရိုင်၊ မြို့နယ်များ၏ စီမံကိန်းများရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အဓိကဆောင်ရွက်နေ သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စီမံကိန်းလျာထားချက်များတွင် စနစ်တကျ ထည့်သွင်းနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းနှင့် စီမံကိန်းများအတွက် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာ ဆောင်ရွက်သွားရန်တို့ကို မှာကြားပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

(သတင်းစဉ်)