ရန်ကုန်     စက်တင်ဘာ    ၁၀

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြပွဲကျင်းပရေးကော်မတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှမန်မြို့၌ စက်တင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပလျက်သည့် (၂၄)ကြိမ်မြောက် တရုတ် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ (The 24th China International Fair for Investment and Trade-CIFIT) သို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသည်။

 

အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၁၀ဝ ကျော်၏ အစိုးရအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီများမှ ကိုယ်စားလှယ်များ၊ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတကာ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ဒုတိယဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီများ ဖက်ဒရေးရှင်း၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ အခမ်းအနားသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

 

စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ (၂၄)ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက် ရောက်ခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership–RCEP) ဆွေးနွေးပွဲသို့တက်ရောက်ပြီး ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံအနေဖြင့် RCEP တွင် ပါဝင်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြားခဲ့သည်။

 

ထို့ပြင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှမန်မြို့ရှိ လွတ်လပ်သော ကုန်သွယ်မှုဇုန်နှင့် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများသို့ လည်းကောင်း၊ "Invest in China Dialogues between Specialized and New Enterprises and Hidden Champions" Expo သို့လည်းကောင်း သွားရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)