နေပြည်တော် ၁၃ ဒီဇင်ဘာ
အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှု လိုအပ်ချက်များ)ဆိုင်ရာ စည်းမျဉ်းဉပဒေများ ထုတ်ပြန် ဆောင်ရွက်နိုင်ရေး နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက အိမ်သုံးလျှပ်စစ်နှင့် အီလက် ထရောနစ် ပစ္စည်းများကြောင့် စားသုံးသူများ ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုရှိရေးစသည် နိုင်ငံအတွက် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ် သည့် အတွက် ASEAN EEEMRA (ASEAN Sectoral Mutual Recognition for Electrical and Electronic Equipment) နှင့် AHEEERR (ASEAN Harmonized Electrical and Electronic Equipment Regulatory Regime) အစီအစဉ်တို့တွင် ပါဝင်လက်မှတ်ရေးထိုး ထားကြောင်း၊ အာဆီယံ ၁၀ နိုင်ငံအနက် ထုတ်ပြန်ရန်ကျန်သော သုံးနိုင်ငံမှာ မြန်မာ၊ လာအိုနှင့် ဘရူနိုင်းနိုင်ငံတို့ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး ကော်မရှင်နှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့သည် စားသုံးသူကာကွယ်ရေးဥပဒေ နှင့်အညီ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ဆောင်ရွက်လျက်ရှိပြီး နည်းဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်နိုင်ရေး၊ ARISE Plus ၏ နည်းပညာအကူအညီဖြင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများအတွက် စည်းမျဉ်းဥပဒေများ ထုတ်ပြန်နိုင်ရေးတို့ကို ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက် နေမှုများ၊ အာဆီယံစံချိန်စံညွှန်းနှင့် လိုက်လျောညီထွေရှိစေရေး လိုက်ပါဆောင်ရွက်မှုများ၊ စံချိန်စံညွှန်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြပြီး စားသုံးသူ ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက နိုင်ငံတွင်း ကြုံတွေ့နေရသည့် လျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူထိခိုက်နစ်နာမှုများ၊ ARISE Plus အကူအညီဖြင့် Regulation မူကြမ်း ရေးဆွဲထားရှိမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ကိုးကား၍ အိမ်သုံးလျှပ်စစ်ပစ္စည်းများ နှင့်ပတ်သက်၍ စားသုံးသူအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့် အခြေအနေ များ၊ Regulation မူကြမ်းပါ အချက်အလက်များ၊ ARISE Plus နှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ၊ Regulation ထုတ်ပြန်ဆောင်ရွက်ပါက ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
(သတင်းစဉ်)