နေပြည်တော် ၂၅ ဖေဖော်ဝါရီ 

အမျိုးသားစားသုံးသူ အကာအကွယ်ပေးရေးအစီအစဉ် အပြီးသတ်ဆွေးနွေးရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ယခုအလုပ်ရုံဆွေးနွေးပွဲသည် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် များစွာအကျိုးရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်နေပြီး ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေမှုရှိသည့် စားသုံးသူကာကွယ်ရေးဥပဒေ(အသစ်)ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက် (ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့)တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်နှင့် အာဆီယံနိုင်ငံများနှင့် တစ်ပြေးညီ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အလေ့အကျင့်ကောင်းများအပေါ် အခြေခံပြီး ရေးဆွဲထားသည့် “အမျိုးသားစားသုံးသူ အကာအကွယ်ပေးရေးအစီအစဉ်(မူကြမ်း)” ကို အပြီးသတ်ရေးဆွဲသွားရန် ဖြစ်ကြောင်း။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျွမ်းကျင်ပညာရှင်များမှ အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးအလေ့အထများနှင့် အတွေ့အကြုံကောင်းများကို ဆွေးနွေးဖလှယ်သွားမည်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေဖြစ်မည့် အချက်အလက်များကို အကြံပြုဆွေးနွေး ဆောင်ရွက်သွားကြမှာဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် မိမိတို့နိုင်ငံ၏ အမျိုးသားစားသုံးသူ ကာကွယ်ရေးအစီအစဉ်ကို စနစ်တကျရေးဆွဲ အကောင်အထည်ဖော်နိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင်ထံမှ အသိပညာဗဟုသုတများ၊ အတွေ့အကြုံများကို အခြေခံပြီး မိမိတို့၏လက်တွေ့ လုပ်ငန်းဆောင်ရွက်ချက်များ၊ လိုအပ်သည့်နယ်ပယ်များကို အပြန်အလှန်ဆွေးနွေးပြောကြားရန်နှင့် မိမိနိုင်ငံအတွက် အကျိုးရှိပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အပြီးသတ်ရေးဆွဲ ပြဋ္ဌာန်းသွားနိုင်ရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် ပြောကြားသည်။ 

 

0022

 

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့် GIZ မှ Regional Economic Integration ၏ Head of Components ဖြစ်သူ Dr. Astrid Faust တို့က အမှာစကားပြောကြားခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှ ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်