နေပြည်တော် ၁၆ ဒီဇင်ဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဉီးကျော်လင်းသည် ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ကလေးမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာန ရန်ပုံငွေဖြင့် မြစ်သာမြစ် ကူးတံတားအသစ်တည်ဆောက်မည့်နေရာ Alignment အား ကလေးမြို့နယ်၊ ထိုမာရွာဘက် ကမ်းမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကလေးဝမြို့မှ ရေဉီးမြို့သို့ ဆက်လက်ထွက်ခွာပြီး လမ်းတစ်လျှောက် လမ်း၊ တံတား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ မိုင်တိုင် (၄၉/၂) နှင့် (၄၉/၃) အကြား တောင်ပေါ် လမ်းကျဉ်းသောအပိုင်းအား စက်ယန္တရားကြီးများဖြင့် လမ်းသားတိုးချဲ့ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေသားလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြေသားတည်ငြိမ်မှုရှိစေရေး သတ်မှတ်သိပ်သည်းဆ ရှိရေး စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရေဉီးမြို့နယ်အနီး၌ တံတား အထူးအဖွဲ့(၂)မှ တာဝန်ယူ တည်ဆောက်နေသော မူးမြစ်ကူးတံတား(ရေဉီး) စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားတည်ဆောက်ရေး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဉီးဇေယျာစိုးက တံတားဆိုင်ရာ အချက်အလက်များ၊ တံတားတည်ဆောက်ပြီးစီးမှုနှင့် ရန်ပုံငွေရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လုပ်ငန်းအရည်အသွေးများပြည့်မီစွာ ဆောင်ရွက်ပြီး ရန်ပုံငွေများ လေလွင့်မှုမရှိအောင် စိစစ် သုံးစွဲသွားကြရန် မှာကြားသည်။
မူးမြစ်ကူးတံတား(ရေဉီး)သည် ရေဉီး-ခင်ဉီးလမ်းပေါ်တွင် တည်ရှိကာ အရှည် ၂၁၂၅ ပေ၊ အကျယ် ၂၈ ပေရှိကာ နှစ်လမ်းသွား သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ပြီး ယခုအခါ ၂၃ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)