နေပြည်တော်  ၂၁  အောက်တိုဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးကျော်လင်းသည် တောင်သာမြို့နယ် ဒေသခံလွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ အောက်တိုဘာ ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဉီးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော ကျေးလက်လမ်းအား ကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် မိုင်တိုင်အမှတ် ၉/၁ အနီးရှိ ပျက်စီးသွားသော နဂါးဗိုလ်တံတား  ပေ (၁၂၀) ၏ အခြေအနေနှင့် အသစ်ပြန်လည် တည်ဆောက်ရန်အတွက် တံတား Alignment နှင့် တည်နေရာအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အသစ်ပြန်လည်တည်ဆောက်မည့် နဂါးဗိုလ်တံတား၏တည်နေရာ၊ Alignment အား အတည်ပြု၍ တံတားပုံစံထုတ်ပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက မြေသားလမ်းနှင့် အမာခံဂျင်းလမ်းအား ရာသီမရွေးအသုံးပြု နိုင်ရေး ဆောင်ရွက်သွားရန်မှာကြားသည်။ ဝဲလောင်-ကြီးပင်တဲ-နဂါးဗိုလ်လမ်းသည် (၉)မိုင် (၂)ဖာလုံ ရှိပြီး ကျေးရွာ (၆)ရွာ၊အိမ်ခြေ (၈၀၂)ခုနှင့်လူဉီးရေ (၄၃၄၉)ဉီးအားအကျိုးပြုနေသော ကျေးလက် လမ်းဖြစ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဲလောင်-ရွာသစ်-တံတား(န)လမ်း တစ်လျှောက်နှင့် ယခုဘဏ္ဍာနှစ်အတွက် ကတ္တရာလမ်းခင်းမည့်နေရာများအား ကြည့်ရှုစစ်ဆေးပြီး  ၄င်းလမ်းပေါ်ရှိ ရွာသစ်ရွာအခြေခံပညာ အထက်တန်းကျောင်းတွင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးသည်။ ဝဲလောင်-ရွာသစ်-တံတား(န) လမ်းသည် ၁၁မိုင်နှင့် ၂ ဒသမ ၄၈ ဖာလုံရှိကာ ကျောက်လမ်းအမျိုးအစား ဖြစ်ပြီးကျေးရွာ (၁၀)ရွာ၊ အိမ်ခြေ (၁၈၅၈)ခုနှင့် လူဉီးရေ (၁၀၇၉၉)အား အကျိုးပြုနေသော လမ်းဖြစ်သဖြင့် ယခုနှစ်မှစ၍ ကတ္တရာစတင်ခင်းပေးရန် စီစဉ်ထားကြောင်း သိရသည်။

 

(သတင်းစဉ်)