နေပြည်တော် ၂၇ အောက်တိုဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးလှကျော် သည် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် လူထုဗဟိုပြုစီမံကိန်းအရ ဆောင်ရွက်ထားရှိသည့် ကျေးရွာ ကွန်ကရစ်လမ်း၊ တံတား၊ ဆေးခန်း၊ ရေသန့်စက်၊ အဆောက်အဦများအား ရေရှည် အကျိုးရှိစွာ အသုံးပြုနိုင်ရန် ကျေးရွာသူ၊ ကျေးရွာသားများ အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းကြရန်၊ မိမိဒေသ ပိုမိုဖွံ့ဖြိုး ရေးအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင် ရွက်ရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များရှိပါက သက်ဆိုင်ရာကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးများနှင့် အနီးကပ်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဖြူစင်မေတ္တာ အမှိုက်ကင်းစင်သန့်ရှင်းသာယာရေး ပရဟိတအဖွဲ့အား အလှူငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်ကွန်ကရစ်လမ်း ပြီးစီးမှုနှင့် ရေသန့်စက် တပ်ဆင်ထားမှု၊ကော့မှူးမြို့နယ် မြို့နယ်ဦးစီးမှူးရုံးသစ် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာကိစ္စရပ်များမှာကြားသည်။
ထိုမှတစ္ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ်၊ ထန်းတောကျေးရွာ ရှိ လူထုဗဟိုပြုစီမံကိန်း(CDD)ဖြင့် ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်း၊ လုပ်ငန်းခွဲများ ဆောင်ရွက်ထားရှိမှုနှင့် ဒေးဒရဲမြို့နယ် ကုန်းတန်းကလေး ကျေးရွာရှိ ရေသန့်စက် တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က လူထု ဗဟိုပြုစီမံကိန်းတွင်ပါဝင်သည့် ကျေးရွာများ၏ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက် ထားရှိမှု၊ ၂၀၃၀ ခုနှစ်တွင် အားလုံး သန့်ရှင်းသော သောက်သုံးရေ ရရှိရေး စီမံကိန်းအရ လူထုဗဟိုပြုစီမံကိန်းဖြင့် သောက်သုံးရေရရှိရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ဒုတိယဝန်ကြီးက သက်ဆိုင်ရာ ကျေးရွာအလိုက် ရေကော်တီဝင်များ က ရေရှည် စီမံခန့်ခွဲမှု နည်းလမ်းများနှင့် ရေသန့်စက်များ ရေရှည်အကျိုးရှိစွာအသုံးပြုနိုင်စေရေး အတွက် ထိန်းသိမ်းဆောင်ရွက်ရန် နှင့် လိုအပ်သည့် နည်းပညာများကို ဌာနမှ ကူညီပေး သွားမည့်အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA အထောက်အပံ့ MY-P-1ဖြင့် ဆောင်ရွက်သည့် ဖျာပုံမြို့ ရေပေးဝေရေးစခန်းမှ တစ်နေ့ ရေဂါလံ ၆ သိန်းပေး ဝေလျက်ရှိသည့် ရေသန့် စင်ကန်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ရန်ပုံငွေ၊ ကျေးရွာထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ချောင်းတွင်း(မြောက်) ကျေးရွာ ကွန်ကရစ် လမ်းပြီးစီးမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် ကျိုက်လတ်မြို့နယ် ဘုံလုံချောင်းကျေးရွာတွင် ဒေသခံပြည်သူများအား တွေ့ဆုံရာ မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံက မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်း များ၏ လုပ်ငန်းလည်ပတ် ဆောင်ရွက်မှုများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။ အလားတူ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်း ဘုံလုံချောင်း ကျေးရွာ၌ အမျိုးသားလျှပ်စစ် ဓါတ်အားရရှိရေး စီမံကိန်း(NEP)ဖြင့် ဆောင်ရွက်သည့် ဆိုလာစနစ်လျှပ်စစ်မီးလင်းရေး အစီအစဉ်အရ အခြေခံပညာမူလတန်းကျောင်း၊ ကျေးလက်ဆေးခန်း၊ လမ်းမီး၊ ဘာသာရေးအဆောက်အဦများတွင် လက်တွေ့အသုံးပြုနေမှုများကို ကြည့်ရှုအားပေးခဲ့ ကြောင်းသိရသည်။
(သတင်းစဉ်)


