နေပြည်တော် ၂၇  အောက်တိုဘာ

 

           

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဉီးလှကျော်သည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပန်းလှိုင်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ   အကြိုလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ လက်ရှိပန်းလှိုင်မြစ်၏ ရေဝင် ရေထွက်မြောင်း တူးဖော်ခြင်းနှင့်  ဒိုက်များရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေးသည်။

           

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဗိုလ်ဗိုလ်ကျော် က စီမံကိန်းဆောင်ရွက်ထားရှိမှု၊ ရေထိန်း တံခါးတည်ဆောက်ရန် နည်းလမ်း ၄ ခု ဖြင့်  လျာထားဆောင်ရွက်နေမှုနှင့် ပဏာမ ဆောင်ရွက်ထားရှိမှု အခြေအနေများကို  ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပန်းလှိုင် မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းသည် ဒေသ၏ စိုက်ပျိုးမွေးမြူရေးနှင့် ဖွံ့ဖြိုးလာမည့် မြို့ပြနှင့် စက်မှုလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် ရေချိုသိုလှောင်နိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် ဖန်တီးဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုများကြောင့်  ပန်းလှိုင်မြစ်၏အနီး ပတ်ဝန်းကျင်ဧရိယာများကို  ရေလွှမ်းမိုးမှုမှ  ကာကွယ် တားဆီးနိုင်ရေးအတွက် ရေနုတ်မြောင်းစနစ်များ ကောင်းမွန်စေရေး ဆောင်ရွက်ရန် လိုအပ်ချက်များအား ဖြည့်စွက်မှာကြားသည်။

           

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  ပန်းလှိုင်မြစ်ကြောင်းတစ်‌လျှောက် လက်ရှိ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်  ပန်းလှိုင်ရေထိန်းတံခါး တည်ဆောက်မည့်နေရာ တို့အား  ကြည့်ရှုစစ်ဆေးကြသည်။

 

1

           

ပန်းလှိုင်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး  စီမံကိန်းကို နည်းလမ်း ၄ ခုဖြင့်  လျာထား  ဆောင်ရွက်လျက်ရှိရာ  နည်းလမ်း A နှင့် B တွင် အကျယ် ၁၈ မီတာရှိသည့်  ရေတံခါး ၄ ခု ပါဝင်ပြီး  ရေတံခါးစုစုပေါင်းအကျယ်သည်  ၇၂ မီတာရှိပြီး  နည်းလမ်း B နှင့် C တွင် ၁၈ မီတာအကျယ်ရှိသည့်  ရေတံခါး ၃ ခု ပါဝင်ကာ  စုစုပေါင်း ရေတံခါးအကျယ်မှာ ၅၄  မီတာရှိကြောင်း ၊  ပင်လယ်ပြင်တွင်ကျရောက်သော  အင်အားပြင်းမုန်တိုင်းများကြောင့် ရေမျက်နှာပြင်မြင့်တက်ပြီး  ပန်းလှိုင်မြစ်ကြောင်းတစ်လျှောက်  ဖြစ်ပေါ်တတ်သော ရေကြီးနစ်မြုပ်မှုကို အနည်းဆုံးဖြစ်ရန်နှင့် ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးတို့အတွက်  ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)