နေပြည်တော် ၈ မေ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် Macroeconomic Management for COVID-19 Impacts နှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံးခွဲမှ Country Director Ms. Mariam J. Sherman ဉီးဆောင်သော အဖွဲ့နှင့် ပြုလုပ်သည့် Teleconference သို့ တက်ရောက်၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုလည်းကောင်း၊ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကိုလည်းကောင်း ဖွဲ့စည်းဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ကြောင့် အများဆုံး ထိခိုက်ခံခဲ့ရသည့် CMP, Tourism နှင့် SMEs များသို့ ကိုဗစ်-၁၉ ရန်ပုံငွေထူထောင်၍ လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အများဆုံး ထိခိုက်ခံခဲ့ရသည့် လုပ်ငန်းများသို့ အတိုးနှုန်း သက်သာသောချေး ငွေများထုတ်ချေးပေးမှု၊ ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ယခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပြုမှု၊ (၃)လတစ်ကြိမ် ပေးဆောင်ရသည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန်တို့အတွက် ပေးဆောင်ရမည့် ကာလကို ယခုနှစ်၊ စက်တင်ဘာလကုန် အထိတိုးမြှင့်ပေးခဲ့မှု၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ်တွင် သွင်းကုန်လိုင်စင် ကင်းလွတ်ခွင့်ပေးခဲ့မှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားကုန် (၅) မျိုးကို နိုင်ငံတော်ဘတ်ဂျက်မှ ကျခံသုံးစွဲထောက်ပံ့ပေးခဲ့မှုနှင့် နိုင်ငံ၏ COVID-19 response activities များအတွက် ငွေကြေးလိုအပ်ချက်များကို ကိုဗစ်-၁၉ ရန်ပုံငွေ၊ အရေးပေါ်ရန်ပုံငွေ၊ ဘတ်ဂျက် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်း၊ ပြည်ပချေးငွေများ စိစစ်ရယူခြင်း နည်းလမ်းများဖြင့် တုံ့ပြန်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိမှုနှင့် စပ်လျဉ်းပြီး ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင် Mr. Hans Anand Beck က COVID-19 Fiscal Impact and Response for Myanmar နှင့်စပ်လျဉ်း၍ ရှကိုဗစ်-၁၉ ၏ သက်ရောက်မှုကြောင့် နိုင်ငံ၏ရငွေ ကျဆင်းနိုင်မှု၊ CERP အတွက် အသုံးစရိတ်လျာထားရန် ထပ်မံလိုအပ်ချက်များ၊ ကိုဗစ်-၁၉ အပေါ် တုံ့ပြန်ရေးအတွက် စဉ်းစားသင့်သော fiscal policy response များအပေါ် သုံးသပ်ဆွေးနွေးတင်ပြသည်။
ယင်းဆွေးနွေးပွဲသို့ ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင်များ၊ စီမံကိန်းရေးဆွဲရေးဉီးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဉီးစီးဌာန၊ ငွေတိုက်ဉီးစီးဌာနနှင့် ပြည်တွင်းအခွန်များဉီးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


