ရန်ကုန် ဖေဖော်ဝါရီ ၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒလသင်္ဘောကျင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းညွှန်မှာကြားချက်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဒလသင်္ဘောကျင်း၌ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှန် တကယ် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်များ ချမှတ်ပြီး လျာထား အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ လုပ်ငန်းများ လျာထားချက်အတိုင်း အချိန်မီ ဆောင်ရွက်ပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ပိုင် ပစ္စည်း များ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ဝန်ထမ်းများအားလုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထား ဂရုပြုဆောင်ရွက်ရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေး အစီအမံများကို စီမံချက်များရေးဆွဲပြီး ဇာတ်တိုက် လေ့ကျင့်မှု အပါအဝင် စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားသည်။   

ထို့နောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်း၌ ရေယာဉ်ပြင်ဆင်နေမှု အခြေအနေ၊ စက်ရုံ၊ အလုပ်ရုံများနှင့် လွန်းလမ်းများ အခြေအနေ၊ သမိုင်းဝင်ရှေးဟောင်း အ ဆောက်အဦ ပြင်ဆင်နေမှုနှင့် သင်္ဘောကျင်း ပစ္စည်းစတို အတွင်းရှိ ပစ္စည်းများ သတ်မှတ် ချက်နှင့်အညီ စနစ်တကျ ထားသိုမှု ရှိ/မရှိ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်