နေပြည်တော် ဩဂုတ် ၁၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပူတာအိုခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာန လက်အောက်ရှိ ဌာန/အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဌာနအလိုက် တာဝန်ရှိသူများမှ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ရှင်းလင်းဆောင်ရွက်ပေးပြီး ဌာနတာဝန်ခံများအနေဖြင့် မိမိဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် ခံစားခွင့်ကိစ္စရပ်များကို လစ်ဟင်းမှုမရှိစေဘဲ တတ်နိုင်သမျှအလေးထား ဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အခက်အခဲများနှင့်တွေ့ကြုံရပါက သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်အဆင့်သို့ တင်ပြသတင်းပို့ဆောင်ရွက်သွားကြရန်၊ အောက်ခြေဝန်ထမ်းများအထိ လုံခြုံရေးအသိ၊ အမြင်များရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားကြရန် မှာကြားကာ ပူတာအိုမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများကို ဆန်၊ ဆီ၊ ကြက်ဥ၊ ကုလားပဲ၊ ကြက်သွန်နီ အစရှိသည့် အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက်ရှိ ဌာန/အဖွဲ့အစည်းများ၏ ရုံးအဆောက်အဦများ၊ နေထိုင်စားသောက်မှု အခြေအနေများနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။
ထိုမှတစ်ဆင့် ပူတာအိုလေဆိပ်သို့ရောက်ရှိပြီး လေကြောင်းဖြင့် ခရီးသွားလာလျက်ရှိသော ခရီးသွား လုပ်သားပြည်သူများ၊ ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် ဆိုက်ရောက်/ ထွက်ခွာမှု အခြေအနေများ၊ လေဆိပ်တွင် အသုံးပြုလျှက်ရှိသော X-ray စက်၊ CCTV များ ကောင်းမွန်မှု ရှိ/မရှိ အခြေအနေများ၊ လေယာဉ်ပြေးလမ်းမီးအခြေအနေများ၊ လေကြောင်းထိန်းမျှော်စင်၏ ဆက်သွယ်ရေးစက်များ၊ လေကြောင်းထိန်းစနစ်များ ကောင်းမွန်မှု ရှိ/မရှိ အခြေအနေများ၊ လေယာဉ်ပြေးလမ်းနှင့် ပြေးလမ်း၏ ဝဲယာ မြက်ပင်ရှည်ခြုံနွယ်များ ပုံမှန်ရှင်းလင်းထားရှိမှု အခြေအနေများနှင့် ပန်းနှမ်းပင်များ စိုက်ပျိုးရန် လျာထားသည့်မြေနေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


