နေပြည်တော် ဇန်နဝါရီ ၁၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် Data Centre အဆောက်အဦ တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက တည်ဆောက်ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေး၊ Data Centre ဖြစ်သည်နှင့်အညီ စက်ကိရိယာများတပ်ဆင်ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် တည်ဆောက်ရေးအဖွဲ့နှင့် စက်ကိရိယာ တပ်ဆင်ရေးအဖွဲ့များ ကြိုတင်၍ အသေးစိတ်ညှိနှိုင်း ဆောင်ရွက်သွားနိုင်ရေးတို့ကို မှာကြားသည်။
အဆိုပါ Data Centre တည်ဆောက်ပြီးစီးပါက မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ မိုးလေ၀သ၊ ဇလဗေဒမှတ်တမ်းများ၊ မိုးလေ၀သဂြိုဟ်တုနှင့် ရေဒါမှ သတင်းအချက်အလက်များကို စနစ်တကျ စုစည်းသိမ်းဆည်းနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သတင်းအချက်အလက်များကို မှန်ကန်မှုရှိစေရေးအတွက် တွက်ထုတ်နိုင်ခြင်း၊ သင်္ချာပုံစံပြုမော်ဒယ် များဖြင့် မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များကို တိကျမှန်ကန်စွာ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)