ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်းကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒလသင်္ဘောကျင်းသို့ရောက်ရှိရာ ဒလသင်္ဘောကျင်း၊ အင်ဂျင်နီယာမှူးကြီးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ အထွေထွေ မန်နေဂျာနှင့် တာဝန်ရှိသူများက ဒလသင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်နေမှု၊ နိုင်ငံတော်အကြီး အကဲနှင့် ပြည်ထောင်စုဝန်ကြီးတို့၏ မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီး မှုကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဒလသင်္ဘောကျင်းသည် ရှေးဟောင်း သမိုင်းဝင်သင်္ဘောကျင်းကြီးတစ်ခု ဖြစ်သည်နှင့်အညီ ရှေးဟောင်းအဆောက်အဦများကို ရေရှည် တည်တံ့စေရေးထိန်းသိမ်းသွားရန်နှင့် ဒလသင်္ဘောကျင်းရှိ အလုပ်ရုံ၊ အဆောက်အဦတို့ကို ပြန်လည် ပြုပြင်၍ လိုအပ်သည့် စက်ပစ္စည်းများ၊ စက်ယန္တရားများကို ဖြည့်တင်းပြီး လုပ်ငန်းများ လည်ပတ်နိုင် ရေး စနစ်တကျ စီမံဆောင်ရွက်သွားကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း  ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးရေး အလေး ထားဆောင်ရွက်သွားကြရန်နှင့် တာဝန်ရှိသူ အဆင့်ဆင့်မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန် မှာကြားသည်။ 

ထို့အပြင် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ကိစ္စများကို တတ်နိုင်သ၍ ဆောင်ရွက်ပေးရန်၊ နိုင်ငံ့ဝန်ထမ်းသစ္စာဓိဌာန် (၆) ချက် တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ ပီသစွာဖြင့် ပါတီ နိုင်ငံရေးနှင့် ကင်းရှင်းအောင်နေထိုင်သွားကြရန် မှာကြားပြီး ဝန်ထမ်းများကို အစားအသောက်များ ထောက်ပံ့ပေးအပ်သည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်းရှိ ရေယာဉ်များလွန်းတင်ပြင်ဆင်မှု၊ စက်ရုံ၊ အလုပ်ရုံနှင့် ပတ်လမ်း၊ လွန်းလမ်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြား ခဲ့ပြီး လုပ်ငန်းများ သတ်မှတ်ရက်အမှီ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ 

သတင်းစဉ်