ရန်ကုန် ဩဂုတ် ၁၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒလသင်္ဘောကျင်းသို့ရောက်ရှိရာ ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီးက လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဒလသင်္ဘောကျင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ပြည်သူ့ပို့ဆောင်ရေးစနစ်ဖြစ်သည့် ရေကြောင်းပို့ဆောင်ရေးတွင် အဓိကကျသော သင်္ဘောများ လုံခြုံချောမွေ့စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့်ပြေးဆွဲနိုင်ရေးနှင့် သင်္ဘောများကြံ့ခိုင် ကောင်းမွန်မှုရှိအောင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ် အလိုက်စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီး လုပ်ငန်းများလျာထားချက်အတိုင်း အချိန်မီ ဆောင်ရွက်ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်းရှိ ရေယာဉ်ပြင်ဆင်နေမှု အခြေအနေ၊ စက်ရုံ၊ အလုပ်ရုံ၊ လွန်းလမ်းများနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းသို့ရောက်ရှိရာ ဒုတိယအင်ဂျင်နီယာမှူးကြီးက ဒဂုံဆိပ်ကမ်း သင်္ဘောကျင်း၏ ဌာနပိုင် ရေယာဉ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းနှင့် ပုဂ္ဂလိကရေယာဉ်များ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို မှာကြား ပြီး ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းရှိ ရေယာဉ်ပြင်ဆင်နေမှု အခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံ၊ လွန်းလမ်းများနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်စဉ်