ရန်ကုန် စက်တင်ဘာ ၂၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့ မွန်းလွဲပိုင်း က ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်းသို့ရောက်ရှိရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဒလသင်္ဘောကျင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေနှင့် ဒလသင်္ဘောကျင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျှက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူ အဆင့်ဆင့် က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီး လုပ်ငန်းလျာထားချက်အတိုင်း အချိန်မီဆောင်ရွက်ပြီးနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများအနေဖြင့် ပေအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် တိကျစွာအကောင် အထည်ဖော်ဆောင်ရွက်ရန်နှင့် လိုက်နာမှု မရှိသူများကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်းရှိ ရေယာဉ်ပြင်ဆင်နေမှု၊ စက်ရုံ၊ အလုပ်ရုံ၊ လွန်းလမ်းများ၊ စတိုအဆောက်အဦ အတွင်းပစ္စည်းများ သိမ်းဆည်းထားသိုမှုနှင့် ဒလသင်္ဘောကျင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ဒလသင်္ဘောကျင်းရှိ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


