ရန်ကုန် ဇန်နဝါရီ ၂၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဆိပ်ခံတံတားမှ ရန်ကုန်မြစ်ဝရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကမ်းလွန်ရေကြောင်းပြစခန်း (Offshore Fixed Pilot Station)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှု့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက နိုင်ငံတကာ ကုန်သွယ်မှုတန်ဖိုး၏ ၇၅ရာနှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ကိုင်တွယ်ဝန်ဆောင်မှုပေး၍ ပင်လယ်ရေကြောင်းဖြင့်တင်သွင်းတင်ပို့ ပေးလျက်ရှိရာ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ကောင်းစွာလည်ပတ်နေနိုင်ရန် နေ့/ည ရာသီမရွေး ပင်လယ်ထဲနှင့် ရေလမ်းကြောင်းတစ်လျှောက်တွင် တာဝန်ထမ်းဆောင်နေကြရသည့် ဆိပ်ကမ်း ဆိုင်ရာ၊ ရေကြောင်းဆိုင်ရာ ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ဌာနအတွက် အရေးပါသည့်ကဏ္ဍတွင် ပါဝင်ကြောင်း၊ မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာဖြင့် တည်ဆောက်ထားသော Pilot Station ကိုလည်း ရေရှည်ကောင်းမွန်စွာ အသုံးပြုနိုင်ရေး တန်ဖိုးထား ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အတွက် ဝင်ငွေများ တိုးတက်ရှာဖွေပေးနိုင်ကြရန် တိုက်တွန်းအားပေးစကား ပြောကြားသည်။
ဆက်လက်၍ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Pilot Station တည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များ၊ Pilot Transfer Operation ဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရေကြောင်းပြစခန်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်သည်။
ဒုတိယဝန်ကြီးသည် အသွားအပြန် ခရီးစဉ်တစ်လျှောက် ရန်ကုန်နှင့် သီလဝါဆိပ်ကမ်း ဧရိယာရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတံတားများ၊ ရေလမ်းကြောင်း ကောင်းမွန်အောင် သတ်မှတ်ရေ အနက်ကို ထိန်းထားနိုင်ရန် သောင်တူးဖော်ဆောင်ရွက်လျက်ရှိသည့် နေရာများ၊ ရေလမ်းကြောင်း တစ်လျှောက် ရေလမ်းကြောင်းအချက်ပြ မီးဗော်ယာများ စနစ်တကျနေရာချထားမှု အခြေအနေများနှင့် ဆိပ်ကမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းနေရာများကို ရေယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


