နေပြည်တော် စက်တင်ဘာ ၁၀  

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်သည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံနှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံတို့မှ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုစင်တာနှင့် မဲခေါင်မြစ်ကော်မရှင် အပါအဝင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။

တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်းရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ဖွင့်ပွဲအခမ်းအနား၌ ဒုတိယဝန်ကြီးက မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည်လည်း ဖိုရမ်၏ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲနှစ်ခုသို့ တက်ရောက် ဆွေးနွေးသည်။ ယခုကျင်းပသည့် ဖိုရမ်၏ ရလဒ်အဖြစ် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ အကြံပြုချက်များကို အဖွဲ့ဝင်နိုင်ငံ များ၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာတန်ရူဗင်နှင့် သီးခြားတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်စီစဉ်ရေး၊ မဲခေါင်-လန်ချန်း ရေအရင်းအမြစ်ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင် နိုင်ရေးအတွက် နည်းလမ်းများရှာဖွေသွားရေး၊ ရေနှင့် ဆက်စပ်သည့် စိန်ခေါ်မှုများ ဖြေရှင်း သွားရေးနှင့် နှစ်နိုင်ငံအကြား ရေအရင်းအမြစ်ကဏ္ဍ၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် ကြရန် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး မစ္စတာ လီဂူရင်က မဲခေါင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအား ဂုဏ်ပြုဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်