နေပြည်တော် ၂၅ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့အလင်းသတင်းစာတိုက်၊ ကြေးမုံသတင်းစာတိုက်၊ နေပြည်တော်သတင်းစာတိုက်နှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခရေပင်လမ်းခွဲရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း နေပြည်တော် သတင်းစာတိုက်အတွင်း ဆေးခန်းနှင့် ဝန်ထမ်းများ အပန်းဖြေခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော် သတင်းစာတိုက်ရှိ အစည်းအဝေးခန်းမ၊ စာကြည့်တိုက်၊ ပုံနှိပ်စီစဉ်ရေးဌာန၊ ကွန်ပျူတာ သင်တန်းခန်းမ နှင့် ပုံနှိပ်စက်ဟောင်းပြတိုက် ဖွင့်လှစ်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဝန်ထမ်းမိသားစု မူကြိုကျောင်းသို့ ရောက်ရှိပြီး ကလေးများအား အမှတ် တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ မူကြိုကျောင်း ပြင်ပ ကလေးကစားကွင်း၊ သတင်းနှင့် စာနယ်ဇင်းဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရန်အတွက် ဖွင့်လှစ်ထားသည့် ဖူဆယ်ဘောလုံးကွင်း၊ ဘော်လီဘောကွင်းနှင့် ပိုက်ကျော်ခြင်းကွင်း တည်ဆောက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဝန်ထမ်းအိမ်ရာများနှင့် လူပျိုဆောင်/အပျိုဆောင်များရှိ သီးပင်စားပင် စိုက်ပျိုးထားရှိမှုများ၊ ပန်းခြံစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ဝန်ထမ်းသက်သာ ဈေးဆိုင်တန်းများ ဖွင့်လှစ်ရောင်းချမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံတွင် ပညာရေး ဝန်ကြီးဌာနအတွက် ကျောင်းသုံး ပြဋ္ဌာန်းစာ အုပ်များရိုက်နှိပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် မြန်မာ့အလင်းသတင်းစာတိုက်နှင့် ကြေးမုံသတင်းစာတိုက်တို့ရှိ သတင်းခန်းနှင့် ပုံနှိပ်စက်တို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ဘိုးဝဇီရခန်းမ၌ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အခြေအနေအရ ဝန်ထမ်းများနှင့် မကြာခဏ တွေ့ဆုံခွင့် မရရှိသော်လည်း ယခုကဲ့သို့ တွေ့ဆုံခွင့်ရရှိရန် အစဉ်သဖြင့် ဆန္ဒရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လိုအပ်ချက်နှင့် အခက်အခဲများကို ပွင့်လင်းစွာ တင်ပြကြမှသာ ဆောင်ရွက်နိုင်သည်များကို အမြန်ဆုံး၊ အဖြစ်နိုင်ဆုံး လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း လက်အောက်ရှိကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတိုက်များနှင့် နေပြည်တော် သတင်းစာတိုက်၊ သတင်းစဉ်တို့မှ ဝန်ထမ်းများက ကျန်းမာရေးနှင့် လူမှုဖူလုံရေး အသိ ပညာပေး ဟောပြောပွဲများ ဆောင်ရွက်နိုင်ရေး၊ ရွေ့လျား မိုဘိုင်းဆေးစမ်းသပ်ကုသပေးမှု အစီအစဉ်များ ဆောင်ရွက်ပေးရေး၊ ဝန်ထမ်းများ အပန်းဖြေခရီးစဉ်များ ပြုလုပ်ပေးရေး၊ ဝန်ထမ်းကလောင်သစ်များအတွက် သတင်းစာဆောင်းပါးများ ရေးသားခွင့် ပိုမိုရရှိရေး၊ အခြားဌာနများနှင့်ဆက်သွယ် သတင်းရယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက တင်ပြဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။
ယင်းနောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲနိုင်တို့က ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)