မြစ်ကြီးနား ၁၉ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် ကိုယ်ပွားသတင်းစာတိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၌ ပြည်နယ်တာဝန်ခံ အင်ဂျင်နီယာမှူး ဦးအောင်ကျော်ဇင်က ထပ်ဆင့်လွှင့်စက်ရုံ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြား၍ ရုပ်သံထပ်ဆင့်ထုတ်လွှင့်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။ ယင်းနောက် ကိုယ်ပွားသတင်းစာတိုက်သို့ ရောက်ရှိရာ တာဝန်ခံအရာရှိ ဦးကျော်ထက်က နိုင်ငံပိုင်သတင်းစာများ ပို့ဆောင်ဖြန့်ချိနေမှု၊ ကချင်တိုင်းရင်းသားဘာသာဖြင့် အချပ်ပို ရိုက်နှိပ်ဖြန့်ချိနေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကိုယ်ပွားသတင်းစာတိုက် ပုံနှိပ်စက်ခန်းကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
(သတင်းစဉ်)