ရန်ကုန် ၇ စက်တင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ဖိုတိုလစ်သိုပုံနှိပ် စက်ရုံသို့ ရောက်ရှိပြီး ပုံနှိပ်စက်ခန်းများရှိ ပတ်လည်စက်များ၊ ရွက်ထိုးစက်များဖြင့် ပညာရေးဝန်ကြီးဌာနက အပ်နှံထားသည့် တစ်နိုင်ငံလုံးအတွက် အခြေခံပညာ ကျောင်းသုံး ပြဌာန်းစာအုပ်များ ရိုက်နှိပ်ချုပ်လုပ်နေမှု၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲစာအိတ်များ ပုံနှိပ်နေမှု၊ အသစ်တပ်ဆင်ထားသည့် CTP ပလိပ်ထုတ်စက် အသုံးပြုနေမှုနှင့် စက္ကူလုံးသိုလှောင်ရုံများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများအား တွေ့ဆုံပြီး ကျောင်းသုံးစာအုပ်များကို ရိုက်နှိပ်ရာတွင် အရည်အသွေး ပြည့်မီစေရန်၊ ကျောင်းသားများ လက်ဝယ်အချိန်မီ ရောက်ရှိရန်၊ မမျှော်လင့်နိုင်သည့် သဘာဝဘေးအန္တရာယ်၊ အခြားသော အခက်အခဲများနှင့် လုံခြုံရေးတို့ကို အထူးဂရုပြုရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းအင်းများနှင့် စနစ်တကျဆောင်ရွက်ရန်၊ တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ တိကျစွာလိုက်နာရန်၊ အဆင့်ဆင့် တာဝန်ယူညှိနှိုင်း ဆောင်ရွက်ကြရန်၊ ၂၀၂ဝ တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် လိုအပ်သည့် ပုံနှိပ်လုပ်ငန်းများ စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် မှာကြားခဲ့သည်။
ယင်းနောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် The Global New Light of Myanmar သတင်းစာတိုက် စာတည်းအဖွဲ့နှင့် တွေ့ဆုံပြီး The Global New Light of Myanmar သတင်းစာသည် နိုင်ငံတော်အစိုးရ၏ အာဘော်ကို ထင်ဟပ်သည့် တစ်ခုတည်းသော အင်္ဂလိပ်သတင်းစာလည်းဖြစ်သည့်အတွက် အရည်အသွေးဘက်စုံ ပြည့်မီရန်၊ ကိန်းဂဏန်း အချက်အလက်များ မှန်ကန်တိကျရန် နှင့် အင်္ဂလိပ်စာ အရေးအသားပိုင်းဆိုင်ရာ အမှားကင်းစင်ပြီး စံမှီရန်အရေးကြီးပါကြောင်း၊ တစ်ချိန်တည်းမှာပင် အခြားမီဒီယာများနည်းတူ သတ်မှတ်ထားသည့်မီဒီယာ ကျင့်ဝတ်များကိုလည်း လိုက်နာရန်လိုအပ်ပါကြောင်း၊ စာတည်းအဖွဲ့အနေနှင့် လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် မှာကြားသည်။
ထို့နောက် The Global New Light of Myanmar သတင်းစာတိုက် စာတည်းအဖွဲ့က လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး သတင်းခန်းကို လှည့်လည်ကြည့်ရှုသည်။
သတင်းစဉ်


