ရန်ကုန် ၂၁ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက် ၁၀ နာရီတွင် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန၊ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူက ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ၌ တပ်ဆင်အသုံးပြုလျက်ရှိသည့် လုပ်ငန်းသုံးစက်များ၊ အဓိက ဆောင်ရွက်သော လုပ်ငန်းများ၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲလက်မှတ်များ ပုံနှိပ်ရန် ဆောင်ရွက်နေမှုများ၊ လုံခြုံရေးအစီအမံ ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စက်ရုံအတွင်းရှိ ပုံနှိပ်စက်ခန်းများ၊ Computer to Plate စက်ခန်း၊ သိုလှောင်ရုံနှင့် စာအုပ်ချုပ်ခန်းတို့ကို လည့်လည်ကြည်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဂလိုဘယ်နယူးလိုက်အော့ဖ်မြန်မာ သတင်းစာတိုက်သို့ ရောက်ရှိပြီး တာဝန်ရှိသူများ၊ စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဂလိုဘယ်နယူးလိုက် အော့ဖ်မြန်မာ သတင်းစာသည် မြန်မာနိုင်ငံအစိုးရ၏ အာဘော်ကိုထင်ဟပ်လျက် မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာသို့ အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသည့် တစ်ခုတည်းသော သတင်းစာဖြစ်ကြောင်း၊ လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို နိုင်ငံတကာမှ အထူးစိတ်ဝင်စား စောင့်ကြည့်လျက်ရှိသဖြင့် စာတည်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအနေဖြင့် သတင်းစာအရည်အသွေး ပိုမိုတိုးတက်စေရန် ကြိုးပမ်းကြံဆ ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတကာသတင်းများကို ရွေးချယ်ဖော်ပြမှုအပိုင်းတွင် နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း သတိပြုစေလိုကြောင်း၊ ပြည်တွင်းသတင်းများ ရေးသားဖော်ပြရာတွင်လည်း မိမိတို့၏ စာဖတ်ပရိသတ်နှင့် လိုက်လျောညီထွေမှုရှိသည့် အကြောင်းအရာများကို အဆင့်အတန်းမီ ရေးသားဖော်ပြနိုင်ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်


