နေပြည်တော် ၁၃ ဇွန်
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့တွင် ပြည်မြို့ရှိ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး/စာကြည့်တိုက်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် နံနက်ပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ပြည်မြို့ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး တာဝါတိုင်များနှင့် အဆောက်အအုံများရှိ မိုးကြိုးလွှဲများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီမှု ရှိနေစေရေး စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအား မိုးကြိုးအန္တရာယ် အသိပညာပေးရန်၊ စက်ရုံအတွင်းရှိ သက်တမ်းကြာမြင့်ပြီဖြစ် သော NEC စက်ပစ္စည်းများကို ထိန်းသိမ်းပြုပြင်ပြီး စနစ်တကျအသုံးပြုရေး ဂရုပြုဆောင်ရွက်ရန်နှင့် စက်ရုံ မီးဘေးလုံခြုံရေး အထူးဂရုပြုဆောင် ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်အပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ခရိုင်နှင့် ပေါင်းတည်မြို့နယ် ပြန်/ဆက်ရုံးနှင့် စာကြည့်တိုက်များကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့နယ် ပြန်/ဆက်ရုံးနှင့် စာကြည့်တိုက်များကိုလည်းကောင်း၊ ညနေပိုင်းတွင် သာယာဝတီ ခရိုင် ပြန်/ဆက်ရုံးနှင့် စာကြည့်တိုက် များကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက လူထုအခြေပြုဗဟိုဌာန ( Community Centre ) များအဖြစ် ပြောင်းလဲဆောင်ရွက်လျက်ရှိရာတွင် အများပြည်သူ ဝင်ထွက် သွားလာပြီး အသုံးပြုနိုင် ရန် အတွက် အဆောက်အအုံများ ကြံ့ခိုင်မှုကောင်းမွန်ရေးနှင့် သာယာလှပမှုရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ ရုံးဝန်းအတွင်းနှင့် ရုံးရှေ့ မျက်နှာစာများတွင် မြေလွတ်မြေလပ်များရှိပြီး အခြေအနေပေးပါက ကျန်းမာရေး လေ့ ကျင့်ခန်းများ ပြုလုပ်နိုင်ရေး အားကစားပစ္စည်းများ တပ်ဆင်ပေးရန်၊ စာကြည့်တိုက်တွင် စာအုပ်စာစောင်များကို စနစ်တကျဖြည့်ဆည်းထိန်းသိမ်းပြီး စာကြည့် တိုက်သုံးစွဲသူများ ပိုမိုစိတ်ဝင်စားစွာ အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ကလေးစာဖတ်ခန်း အတွက် စာအုပ်စာစောင်များ ဖြည့်တင်းပေးမှုအပြင် ကလေးကစားစရာများ ဖြည့်ဆည်းပေးရန်၊ အခြေအနေပေးပါက ကလေးကစားကွင်းများ ဖောက်လုပ်ပေးရန်နှင့် နယ်မြေဒေသ အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်
