ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ရုပ်မြင်သံကြားထပ်ဆင့်လွှင်စက်ရုံ (တောင်ငူ) နှင့် တောင်ငူခရိုင် ပြန်/ဆက်ရုံးတို့ကို ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက တောင်ငူမြို့ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံသို့ ရောက်ရှိကာ စက်ရုံအတွင်း ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး စက်ရုံအတွင်း နေ့စဉ်ဆောင်ရွက်လျှက်ရှိသည့် ရုပ်သံထုတ်လွှင့်စက်များ၏ အခြေအနေများကို  ကြည့်ရှုစစ်ဆေးကာ စက်ပစ္စည်းများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းအသုံးပြုရေး၊ စက်ရုံလုံခြုံရေးနှင့် ဝန်ထမ်းများကျန်းမာ ပျော်ရွှင်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး လိုအပ်သည်များ မှာကြားသည်။

 

 

ဆက်လက်ပြီး တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ ကလေးစာဖတ်ခန်းအတွင်း ရုပ်ပုံဆေးရောင်ခြယ်နေကြသည့် ကလေး ငယ်များအား ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက်  ပြည်သူ့စာကြည့်တိုက်နှင့် ပြတိုက်ငယ်တို့အတွင်း လှည့်လည်ကြည့်ရှုပြီး  တောင်ငူ ခရိုင်တွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက လူထုအခြေပြုဗဟိုဌာနကို ဒေသခံပြည်သူများ ပိုမိုထိရောက်စွာ အသုံးပြုနိုင်စေရေးအတွက် လူမျိုးဘာသာမခွဲခြားဘဲ ချိတ်ဆက် ဆောင်ရွက်ကြရန် ၊ ဌာနဆိုင်ရာများ ၊ NGO များ၊ ဒေသခံပြည်သူများ ၊ စာရေး ဆရာများနှင့်ပူးပေါင်း၍  အားလုံးနှင့် ရင်းနှီးသော စစ်မှန်သည့် လူထုဗဟိုဌာန တစ်ခု အဖြစ် ဖန်တီးပေးနိုင်ရန်၊ ကျောင်းသူကျောင်းသားများနှင့် လူငယ်များ ပိုမိုအသုံးချနိုင် ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက် ဆောင်ရွက်ကြစေလိုပါကြောင်း ၊ သတင်း များ စုဆောင်းရယူရာတွင် အများပြည်သူစိတ်ဝင်စားသည့် သတင်းမှန်များကို စနစ်တကျ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ ယနေ့ဒီဂျစ်တယ်ခေတ်တွင် နည်းပညာပြောင်းလဲဖွံ့ဖြိုးတိုးတက်လျှက်ရှိရာ ခေတ်နှင့် လိုက်လျောညီထွေစွာ လိုက်ပါပြောင်းလဲ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း မှာကြားခဲ့သည်။

 

ဇော်ထက် (ခရိုင် ပြန်/ဆက်)